အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသမီးတွေက လိင်ကိစ္စ အပြောနည်းကျတာကို တွေ့ရပါတယ်။ အမျိုးသမီးသဘာဝ ရှက်ကြောက်တတ်တာက ကောင်းပေမယ့် အိမ်ထောင်ရေးနဲ့ ဆက်နွယ်လာတဲ့အခါမှာ ပြဿနာအနည်းငယ် ရှိလာနိုင်ပါတယ်။
အိမ်ထောင်ကျပြီဆိုရင် အရေးကြီးဆုံး အပိုင်းက လိင်မှုကိစ္စဖြစ်ပြီး လိင်စိတ်ဆန္ဒပြေတာ၊ အထွတ်အထိပ် ရောက်တာလို့ အများအားဖြင့် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက လိင်ခံစားမှု အမြင့်ဆုံးမရောက်ရင်လည်း ခင်ပွန်းစိတ်ပျက်သွားမှာ စိုးလို့၊ အချင်းချင်းလိင်ဆက်ဆံတဲ့အခါ မကောင်းတဲ့ စိတ်ခံစားချက်ဝင်သွားမှာစိုးလို့ ထုတ်မပြောဖြစ်ကြပါဘူး။ ဒါတင်မကသေးပါဘူး၊ ဇနီးမယားတစ်ယောက်အနေနဲ့ လိင်ကိစ္စကို လိုလိုလားလားဖြစ်နေတာမျိုးက မိန်းမကောင်းမဆန်ဘူး၊ အကျင့်ပျက်တယ်လို့ သတ်မှတ်ထားတဲ့ ရှေးအယူအဆတွေ ရှိနေလို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ခင်ပွန်းပြုသမျှ နုပြီး ခင်ပွန်းအကြိုက်လိုက်ခဲ့တဲ့ ဟန်ဆောင်တာတွေ များခဲ့ကြမှာပါ။
တကယ်တော့ အိမ်ထောင်ရေး သာယာဖို့အတွက် ဇနီးသည်ရော ခင်ပွန်းပါ လိင်ကိစ္စကျေနပ်နေဖို့ အရေးကြီးပါတယ်။ တကယ်လို့သာ ကြာရှည် လိင်စိတ်မပြေတာ များလာတဲ့အခါ ပထမဆုံးအနေနဲ့ လိင်ဆက်ဆံချင်စိတ် လျော့လာမှာပါ။ လိင်စိတ်မပြေတာရဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ – အလိုလိုနေရင်း စိတ်ဓါတ်ကျတာမျိုးလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်၊ ခန္ဓာအားနည်းလာမယ်၊ အလုပ်မှာ မပျော်တော့ဘူး စတဲ့ လက္ခဏာတွေ ပြလာမှာ ဖြစ်ပါတယ်။ အစပိုင်းမှာ အိမ်ထောင်ရေး မငြိမ်မသက်တာမျိုး ပဋိပက္ခ သေးသေးလေးကနေ ကြီးလာပြီး ဒီအရာတွေက ရုန်းထွက်ချင်လို့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမြင်သာပြီး သူ့အကြိုက်၊ ကိုယ့်အကြိုက်သိတဲ့ ဆက်ဆံရေးမျိုးဖြစ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ အပေါ်မှာပြောခဲ့သလို ဆိုးရွားတဲ့ အိမ်ထောင်ရေး မဖြစ်စေဖို့ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ခင်ပွန်းနဲ့ ပွင့်ပွင့်လင်းလင်း ရှိဖို့ တိုက်တွန်းချင်ပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ကိုယ့်ဆန္ဒပြေရင်ပြီးရောဆိုတဲ့ စိတ်မရှိဘဲ လိင်ကိစ္စကို ဇနီးသည်နဲ့ တိုင်ပင်လုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံးပါ။
တစ်ခုခု အဆင်မပြေတဲ့ အခါတွေမှာ တစ်ယောက်နဲ့တစ်ယောက် အားပေးချီးမြောက်တာ၊ ထမင်းလက်ဆုံစားတာ၊ သာတူညီမျှတဲ့ ပေါင်းသင်းဆက်ဆံရေးမျိုး ထားတာ၊ နေ့တိုင်း ချစ်စကားဆို ပွေ့ဖက်နမ်းရှုံ့တာ၊ ခရီးသွားတာ နဲ့ တခြား အိမ်ထောင်ရှင်တွေဆီက အကောင်းအဆိုးတွေကို သင်ခန်းစာယူတာ စတဲ့ အခြေခံအချက်လေးတွေကို လုပ်ဆောင်မယ်ဆိုရင်လည်း ရေရှည်တည်မြဲပြီး မငြီးငွေ့တဲ့ အိမ်ထောင်ရေး ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ ပြီးမြောက်တာနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို ဒီမှာ https://bit.ly/2Ma1yrB ဖတ်နိုင်ပါတယ်။
Leave a Reply