,

ဆီးခုံမွှေးတွင်တွယ်လေ့ရှိသော သန်းအကြောင်း သိကောင်းစရာ

Posted by

ဟုတ်ပါတယ် အခုပြောပြပေးသွားမယ့်အကြောင်းအရာက လိင်အင်္ဂါတစ်ဝိုက်မှာ ရှင်သန်လေ့ရှိတဲ့ သန်းအကြောင်းပဲဖြစ်ပါတယ်။ ဒီသန်းတွေဟာဆိုရင် ကပ်ပါးအမျိုးအစားဖြစ်ပြီး လိင်အင်္ဂါမွေးတွေကြားထဲမှာ နေထိုင်တတ်တဲ့ သွေးစုပ်အင်းဆက်အမျိုးအစားပဲ ဖြစ်ပါ။ ပုံသဏ္ဍန်အားဖြင့်တော့ ကမ်းခြေမှာတွေ့ရလေ့ရှိတဲ့ ဂဏန်းပုံးစံ အသေးစားအင်းဆက်မျိုးပဲ ဖြစ်ပါတယ်။ ဒီသန်းတွေက လိင်ဆက်ဆံရာကနေတဆင့် အလွယ်တကူကူးစက်နိုင်ပါတယ်။ အန္တရယ်မများဘူးဆိုပေမယ့် တခါတရံမှာ ပြင်းထန်တဲ့ယားယံမှုတွေ ခံစားရနိုင်ပါတယ်။ မှတ်ထားဖို့က လိင်အင်္ဂါမွှေးမှာ သန်းတွယ်ခဲ့ရင်တော့ ဒါက တကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့ မဟုတ်ဘူးဆိုတာပါ။ သန်းတွေရှိနေတဲ့ သူနဲ့ အနီးကပ်ထိတွေ့မိတာ ဒါမှမဟုတ် လိင်ဆက်ဆံခြင်း စတဲ့အပြုအမူတွေက အဓိက ကူးစက်နိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ကောင်းပါပြီ ဒီသန်းတွေ ဘယ်လိုတွယ်နိုင်သလဲ ဆက်ကြည့်ရအောင်ပါ။
အပေါ်မှာပြောခဲ့သလိုပဲ လိင်ဆက်ဆံရာတဆင့် ကူးစက်ပြီး လိင်အင်္ဂါအနီးတဝိုက်မှာရှိတဲ့ အမွှေးတွေကြားထဲမှာ နေထိုင်လေ့ရှိပါတယ်။ ပိုပြီးတိကျရရင် လိင်ဆက်ဆံတဲ့အခါ ဆီးခုံမွှေးအချင်းချင်း ထိတွေ့ရာက ကူးစက်ပါတယ်။ တခါတစ်လေမှာ အဝတ်အစားနဲ့ သဘက်ဆောင်တွေ အတူတူသုံးရာကတဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။ ဒီသန်းတွေက ဆံပင်ကလွဲလို့ တခြားအမွှေးအမျှင်တွေဖြစ်တဲ့ မျက်ခုံးမွှေး၊ ရင်ဘတ်မွှေး၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွေး စတာတွေမှာလည်း ကပ်တွယ်ရှင်သန်နိုင်ပါတယ်။ ဒီအကောင်တွေက သက်ရှိလက်ခံကောင်နဲ့ဝေးသွားရင် ဒါမှမဟုတ် ချောမွေ့တဲ့အရာဝထ္တုတွေအပေါ်မှာ ကြာကြာမရှင်သန်နိုင်လို့ အိမ်သာခွက်ကနေတဆင့် ကူးစက်နိုင်ချေ အလွန်နည်းပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ကတော့ ခေါင်းမှာရှိတဲ့ သန်းတွေက တခြာအမွှေးတွေမှာ မရှင်သန်နိုင်သလိုမျိုး ယခုသန်းတွေကလည်း ဆံပင်မွှေးမှာ မရှင်သန်နိုင်ပါဘူး။

သင့်အနေနဲ့ အပျော်အပါးလိုက်စားတဲ့သူဆိုရင် ဒီသန်းတွေတွယ်ကပ်ခံနေရပြီဆိုတဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။
လက္ခဏာတွေကတော့ သန်းတွေစတင် တွယ်ကပ်တဲ့အချိန်ကနေ ၅ ရက်အတွင်း ကြုံရလေ့ရှိပါတယ်။ အနီကွက်သေးသေးလေးတွေထနေမယ်။ မခံမရပ်နိုင်အောင် ယားယံနေမယ်။ စတာတွေက ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ နောက်ထပ်သိနိုင်တဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မျိုးပွားအင်္ဂါအရေပြားနှင့် ဆီးခံတဝိုက်ယားယံခြင်း
သာမန်မျက်စိနှင့် အနီးကပ်သေချာကြည့်လျှင် အလွန်သေးကယ်တဲ့ ဂဏန်ပုံစံ မွှားလေးတွေကို မြင်ရခြင်း (ပုံမှန်အားဖြင့် သွေးဝနေချိန်တွင် အမည်းရောင်ပိုသန်းနေသည်)
အမွှေးတွေရဲ့ အောက်ခြေနားတွင် သန်းဥများမြင်တွေ့ရခြင်း
အမည်ကွက်များထနေခြင်း
အကြောင်းအရင်းမရှိဘဲ ယားယံနေတတ်ခြင်း

သန်းတွေကို ဘယ်လိုရှင်းထုတ်နိုင်မလဲ။
နည်းလမ်းကတော့ သိပ်မခက်ပါဘူး။ ပိုးသတ်ဆေးတွေ ရှမ်ပူတွေ စတာတွေနဲ့ သေချာဆေးကြောလို့ရနိုင်ပါတယ်။ ဒီထက်ပိုပြီးထိရောက်တဲ့ ပိုးသတ်ဆေးသုံးချင်ရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို ဆွေးနွေးကြည့်ပါ။ မျက်ခုံးမွှေးလို အထိမခံနိုင်တဲ့နေရာမျိုးမှာ တွယ်ကပ်ရင် သတိထားပါ။ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ကုသပါ။ ရေနွေးနဲ့ ရေချိုးတာ၊ အမွှေးအမျှင်တွေကို ရိတ်ပစ်တာက အလုပ်မဖြစ်ပါဘူး။

သန်းတွေမကူးအောင် ဘယ်လိုနေထိုင်သင့်လဲ။
ဒီသန်းတွေကို ရှင်းထုတ်ပြီးသည့်တိုင် ဥတွေက အမွှေးတွေရဲ့ အရေပြားအောက်မှာ ရှိနေနိုင်ပါသေးတယ်။ ဒီဥတွေကို လက်သည်းညှပ် ဒါမှမဟုတ် အသွားစိတ်တဲ့ဘီးနဲ့ ဖယ်ရှားနိုင်ပါတယ်။ အိပ်ယာခင်းနဲ့ သဘက်ဆောင်တွေကို သေချာလျှော်ဖွတ်ပါ။ အတွင်းခံနဲ့ ဘောင်းဘီတွေကို ရေနွေးနဲ့ ဆေးကြောပါ။ ဖြစ်နိုင်ရင် နေပူမှာ အချိန်ပေးပြီး လှမ်းပါ။

ပိုပြီးသေချာချင်တယ်ဆိုရင်တော့ အဝတ်အစားတွေ အိပ်ယာခင်းတွေကို အသုံးမပြုဘဲ ပလက်စတစ်အိတ်နဲ့ ၂ ပတ်ခန့် ထုပ်ပိုးထားလိုက်ပါ။ သန်းတွေရော ဥတွေပါ သေသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း ပြောပြပါ။ သူမှာလည်း ကူးနေနိုင်တဲ့အတွက် နှစ်ယောက်စလုံး ကုသမှု တပြိုင်တည်းလုပ်ဖို့ လိုပါတယ်။ တဆက်တည်းမှာပဲ တခြား လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေလည်း စစ်ဆေးသင့်ပါတယ်။

Ref; https://www.plannedparenthood.org/learn/stds-hiv-safer-sex/pubic-lice/how-do-i-treat-pubic-lice

Leave a Reply

Your email address will not be published. Required fields are marked *