သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာ

Posted by

သားအိမ်ကျတာက အမျိုးသမီးအရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကလေးနှစ်ကြိမ် နဲ့အထက် မွေးဖူးတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

သားအိမ်ကျခြင်း လက္ခဏာများ

သားအိမ်ကျခါစ အစပိုင်းအဆင့်တွေမှာတော့ ထူးထူးခြားခြားလက္ခဏာမပြတတ်ပေမယ့် သားအိမ်ကျတာ အချိန်အတိုင်းအတာတစ်ခုထိကြာနေပြီဆိုရင်တော့

  • တင်ပါးဆုံနေရာတဝိုက်မှာ လေးလာသလိုလို ခံစားရတာ
  • မိန်းမကိုယ်ကနေတဆင့် ကြွက်သားတစ်သျှူးတွေ ထွက်ကျလာတာ
  • ဆီးလမ်းကြောင်းပြဿနာများဖြစ်တဲ့ ဆီးမထိန်းနိုင်တာ၊ ဆီးသွားရခက်ခဲလာတာ၊ ဆီးအောင့်တာ
  • ထိုင်တဲ့အခါမျိုးမှာ ဘောလုံးတစ်လုံးပေါ်ထိုင်နေရသလိုမျိုး ခံစားရတာ၊ မိန်းမကိုယ်အဝကနေ တခုခုထွက်ကျလာတော့မလို ခံစားရတာ
  • အမျိုးသားနဲ့အတူနေတဲ့အခါမှာ အဆင်မပြေမှုခံစားရတာ၊ မိန်းမကိုယ်ကြွက်သားတွေ လျော့ရဲနေသလိုခံစားရတာမျိုးတွေ ရှိနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ဆီ သွားပြသင့်လဲ?

အထက်ကဖော်ပြထားတဲ့ လက္ခဏာတွေ ဖြစ်လာပြီး နာကျင်မှုခံစားရတာ၊ နေ့စဉ်လူနေမှုဘဝမှာ အနှောင့်အယှက်ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ အမြန်ဆုံး သွားပြသင့်ပါတယ်။

ဖြစ်ရခြင်း အကြောင်းအရင်းများ

  • သဘာဝအတိုင်း ကလေးမွေးဖွားမှု ၂ ကြိမ်နဲ့အထက် ရှိခြင်း
  • အဝလွန်ရောဂါ ခံစားနေရခြင်း
  • သွေးဆုံးပြီးနောက် အီစတိုဂျင်ဟော်မုန်းလျော့နည်းမှု ခံစားနေရခြင်း
  • ဝမ်းချုပ်တတ်တဲ့ အလေ့အထရှိသူဖြစ်ခြင်း
  • နာတာရှည် ချောင်းဆိုးရောဂါ ခံစားနေရသူဖြစ်ခြင်း
  • အလေးအပင်မလေ့ ရှိသူဖြစ်ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် သားအိမ်ကျခြင်း ဖြစ်နိုင်ပါတယ်။

သားအိမ်ကျခြင်းကို ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ?

အမျိုးသမီးတွေမှာ သားအိမ်ကျခြင်းဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကာကွယ်ဖို့ဆိုရင်တော့

  • ကီဂယ်လေ့ကျင့်ခန်းများ မှန်မှန်လုပ်ခြင်းအားဖြင့် မိန်းမကိုယ်ကြွက်သားတွေနဲ့ တင်ပါးဆုံကြွက်သားတွေကို သန်မာစေမှာဖြစ်ပါတယ်။
  • အလွန်အမင်းဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ဖို့အတွက်တော့ အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေ စားပေးတာတွေ၊ ရေများများသောက်တာတွေကို လုပ်ပေးနိုင်ပြီး သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ကိုလဲ ထိန်းသိမ်းထားသင့်ပါတယ်…
  • အလေးအပင်များ အလွန်အကျူးမခြင်း ကိုလဲ ရှောင်ကြဉ်သင့်သလို နာတာရှည်ချောင်းဆိုးရောဂါရှိသူအမျိုးသမီးတွေအနေနဲ့လဲ အလွန်အမင်း ချောင်းဆိုးခြင်းမဖြစ်ရအောင် ဆေးကုသမှုခံယူသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *