
ဒါပေမယ့် တစ်ခုရှိတာက ဒီလိုမျိုး ကိုယ့်ဘေးနားမှာ ပါရမီဖြည့်နေတဲ့ အဖော်မွန်လို လူမျိုးကလဲ သမီးရည်းစားစုံတွဲတိုင်းမှာ ရှိနေတာတော့ မဟုတ်ပါဘူး။
အရာရာက အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း တချို့ ချစ်သူစုံတွဲတွေအတွက် နှစ်ဦးကြားမှာ ရှိနေတဲ့ အချစ်က နှစ်ဦးလုံးအတွက်လဲ ကောင်းကျိုးမပေး၊ အဆိပ်သင့်နေတာမျိုးတွေလဲ ရှိတတ်ပါတယ်။ ဒီတခေါက်မှာတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ တချို့အချက်တွေပေါ် မူတည်ပြီး အဆိပ်သင့်နေတဲ့ RS တွေမှာ ရှိနေတတ်တဲ့ လက္ခဏာတွေကို ဖော်ပြပေးသွားပါ့မယ်။
(၁) နှစ်ဦးကြားမှာ ယုံကြည်မှု ကင်းမဲ့နေတာ
သမီးရည်းစား ချစ်သူစုံတွဲတွေမှာ တခါတလေ တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုတာ၊ စိတ်မချတာ၊ ချစ်တဲ့စိတ်နဲ့ စိုးရိမ်တာ တွေက ဘာမှ မထူးဆန်းတဲ့ သာမန်ကိစ္စတွေပါပဲ။ ဒါပေမယ့် သမီးရည်းစား သက်တမ်းတစ်လျှောက်မှာ ချစ်တယ်ဆိုတာကို ဗန်းပြပြီး အယုံအကြည်မရှိဘဲ ဘာပဲလုပ်လုပ် လိုက်ချုပ်ချယ်မယ်၊ အပြစ်မြင်နေမယ်၊ နောက်ဆုံး တစ်ယောက်ပြောစကားကို တောင် တစ်ယောက် မယုံတဲ့အထိ ဖြစ်လာမယ်ဆိုရင် ကြာလာတဲ့အခါ နှစ်ဦးစလုံးမှာ လူမှုရေးတွေ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာမှာ အနည်းနဲ့အများ ထိခိုက်လာနိုင်ပါတယ်။
(၂) နှစ်ဦးကြားက အလိမ်အညာစကားတွေ
အချစ်တေွ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ Relationship တစ်ခုမှာ Surprise ကိစ္စအတွက်ကလွဲလို့ တခြားကိစ္စတွေမှာ လိမ်တာမျိုးမရှိဘူး ဆိုတဲ့ စကားမျိုး ကြားဖူးကြမယ်ထင်ပါတယ်။ အဆင်ပြေတဲ့ RS တစ်ခုကို ပိုင်ဆိုင်ချင်ရင် ဒီစကားအတိုင်း အတိအကျကြီး ဖြစ်ရမယ်လို့တော့ မဆိုလိုပေမယ့် သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ နှစ်ဦးသား အလိမ်အညာနည်းလေ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတိုးလေ ပါပဲ။ ယုံကြည်မှုဆိုတာ စက္ကူတစ်ရွက်လို၊ ဖန်ခွက်တစ်ခွက်လိုပါပဲ။ အဲ့တော့ အလိမ်အညာတွေ နဲ့ ဖုံးလွှမ်းထားတဲ့ RS တစ်ခုဟာ ကြေမွနေတဲ့ စက္ကူစုတ် တစ်ရွက်၊ ကွဲအက်နေတဲ့ ဖန်ခွက်တစ်ခွက်နဲ့ ထူးမခြားနားဖြစ်တဲ့အတွက် နှစ်ဦးကြားအလိမ်အညာတွေများလေ အဲ့ RS က အဆိပ်သင့်လေ ပါပဲ။
(၃) ပျော်ရွှင်မှုကို မခံစားရတဲ့ Relationship
ဘဝကို တစ်ကိုယ်တည်းပဲ ဖြတ်သန်းနေတဲ့ သူပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ ဖြတ်သန်းနေတဲ့သူပဲ ဖြစ်ဖြစ် မရှိမဖြစ် ရှိသင့်တဲ့ အရေးကြီးတာတစ်ခုကတော့ ပျော်ရွှင်မှုပါပဲ။ ဒါပေမယ့် ကိုယ်မှာ ချစ်ရတဲ့သူတော့ရှိနေတာပဲ… ဒါပေမယ့် ဒီဆက်ဆံရေးမှာ အမြင်မကြည်တာတွေ၊ မယုံကြည်တာတွေ ဖြစ်နေလို့ ဒီလူနဲ့အတူရှိနေရချိန်တိုင်းမှာ ပျော်ရွှင်ဖို့နေနေသာသာ၊ ပြဿနာတွေ၊ သဘောထား ကွဲလွဲမှုတွေကိုပဲ ထိုင်ဖြေရှင်းနေရတယ်ဆိုရင်တော့ စဉ်းစားစရာ ကိစ္စတစ်ခုဖြစ်လာပါပြီ။
(၄) ရှေ့ဆက်ဖို့ တစ်ယောက်တည်းကပဲ ကြိုးစားနေရတာ
နှစ်နဲ့ချီကြာတဲ့ Relationship တွေကို သွားကြည့်ရင် အချစ်တွေ၊ နားလည်မှုတွေအပြင် ဒီလို RS တစ်ခု ရှေ့ဆက်သွားနိုင်ဖို့ Effort လို့ခေါ်တဲ့ ကြိုးပမ်းအားထုတ်မှုတွေပါ ရှိနေတာကို တွေ့ရမှာပါ။ ဒါပေမယ့် အဆိပ်သင့်နေတဲ့ သမီးရည်းစားဆက်ဆံရေးတွေမှာတော့ နှစ်ဦးရဲ့ ချစ်ခရီးလမ်း ရှေ့ဆက်နိုင်ဖို့ တစ်ဦးထဲကပဲ ကြိုးစားနေရတာမျိုးတွေ ရှိနေတတ်ပါတယ်။ သဘောထား ကွဲလွဲမှုရှိလဲ နားလည်မှုရအောင်လဲ မကြိုးစား၊ ပြတ်ချင်ပြတ်ပါစေ ဆိုပြီး Relationship ကို ဂရုမစိုက်တဲ့ လူတစ်ဦးကို ချစ်သူတော်နေရပြီဆိုရင်တော့ အဆိပ်သင့် RS တစ်ခု ဖြစ်ဖို့များပါတယ်။
(၅) လိင်မှုဘဝ သာယာမှု မရှိတာ
ဒါကတော့ အတူနေချစ်သူ သမီးရည်းစားတွေအတွက် ရည်ရွယ်ပါတယ်။ လိင်ကိစ္စတစ်ခု ပုံမှန်ရှိနေတဲ့ စုံတွဲတွေဆိုရင်လဲ တစ်ဦးပေါ်တစ်ဦး ယုံကြည်လေးစားမှုတွေ၊ ပျော်ရွှင်မှုတွေ မရှိတော့တဲ့အခါမှာ လိင်မှုဘဝကို တဖက်တလမ်းက ထိခိုက်နိုင်ပါတယ်။ အတူနေတဲ့ကိစ္စကတော့ ရှိနေတာပဲ… ဒါပေမယ့် စိတ်ဆန္ဒ ပြင်းပြင်းပြပြ မရှိတော့တာ၊ အရင်က နှစ်ဦးသဘောတူ ချစ်ရည်လူးကြပေမယ့် သက်တမ်းကြာလာတာနဲ့အမျှ ဒီကိစ္စမှာ စိတ်ပါဝင်စားမှု မရှိတော့တာ၊ နောက်ဆုံး လိင်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ ပက်သက်ပြီး အပြစ်တင် ဝေဖန်တာ မျိုးတွေ ကြုံနေရပြီဆိုရင်တော့ ကိုယ့် RS နဲ့ပက်သက်ပြီး ဆန်းစစ်ဖို့တော့ လိုနေပါပြီ…
Leave a Reply