လူဖြစ်ပြီကွ လို့ အားရပါးရအော်နိုင်ဖို့

Posted by

အရွယ်ရောက်ပြီး ယောကျာ်းလေးတွေအနေနဲ့ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ စီးပွားရေး၊ လူမှုရေးကိစ္စအဝဝကို ချစ်ဇနီးနဲ့ အတူတိုင်ပင်ပြီး လောကဓံကို ရင်ဆိုင်ကြရပါတယ်။ ဒီလိုရင်ဆိုင်ကြရင်းနဲ့ ချစ်သက်တမ်းကြာလာတဲ့အခါမှာ ကိုယ်နဲ့ ကိုယ်ချစ်ရသူရဲ့ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့ ရင်သွေးရလာကြမယ်။

အမှန်တိုင်းပြောရမယ်ဆိုရင် အဖေဆိုတဲ့ အမည်ခံဖြစ်ဖို့ ဆိုတာကတော့ လွယ်ပါတယ်။ ဖခင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းဖြစ်တဲ့ ကိုယ့်ကြောင့်ဖြစ်တည်လာမယ့် သွေးသားကို ဖခင်မေတ္တာနဲ့ အပြည့်အဝစောင့်ရှောက်နိုင်ဖို့၊ ကိုယ့်သွေးသားကို ၉လလွယ် ၁၀လဖွား ထမ်းပိုးထားရမယ့် ကိုယ့်ဇနီးအပေါ်ကို ကြင်နာဖို့ဆိုတာကတော့ ခက်ခဲပါတယ်။

ဒါကြောင့် အိမ်ထောင်သည်အမျိုးသားတွေအနေနဲ့ ကိုယ့်ကိုကိုယ် အဖေလို့ မကြာခင်မှာ နာမည်ခံယူဖို့ စိတ်ကူးထားတယ်ဆိုရင် ပြင်ဆင်ထားသင့်တဲ့ အရေးကြီးတဲ့ အချက် (၃) ချက်ကို ဝေမျှပေးချင်ပါတယ်။

(၁) အချိန် စီမံခန့်ခွဲမှု

ကလေးအဖေဖြစ်ဖို့ စိတ်ကူးထားရင်တော့ ဇနီးသည်ကိုယ်ဝန်ရှိစ အချိန်မှာတည်းက ကိုယ့်ဇနီးသည်ရဲ့ ကျန်းမာရေး နဲ့ သန္ဓေသားလေးရဲ့ ကျန်းမာရေးအတွက် ကရုတစိုက်နဲ့ အချိန်ပေးနိုင်ရပါမယ်။ ကလေးမွေးလာပြီဆိုရင်လဲ “ဒီကလေး သူမွေးတာ” ဆိုပြီး ဖြစ်ချင်ရာဖြစ် ကလေးထိန်းလဲ မိန်းမ၊ ကလေးဝေယျာဝစ္စလုပ်လဲ မိန်းမ ဆိုပြီး အေးအေးလူလူထိုင်နေလို့မရပါဘူး။ ဇနီးသည်ကရော ပတ်ဝန်းကျင်ကရော လေးစားရမယ့် ဖခင်ဖြစ်ချင်ရင်တော့ ကိုယ့်ရင်သွေးရဲ့ တာဝန်ကို ကိုယ်ကပါ တစ်ဖက်တလမ်းက မောင်တစ်ထမ်း၊ မယ်တစ်ရွက် လုပ်ပေးနိုင်ရမှာပါ…

(၂) စိတ်ရှည်သည်းခံမှု

ဒါကတော့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အတက်အကျဖြစ်လွယ်ပါတယ်။ ဒါကြောင့် သမီးရည်းစားဘဝတုန်းကထက် ရစ်ကြောသန်နေခဲ့ရင်လဲ တချိန်မှာ ကိုယ့်ရင်သွေးကို အသက်နဲ့လွယ်ပြီး မွေးဖွားပေးမယ့်သူဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ သူလိုအပ်တာတွေကို ဖြည့်ဆည်းပေးနိုင်ရပါမယ်။ ဘေဘီလေးမွေးလာတဲ့အခါမှာလဲ ကလေးချော့တာကအစ ကလေးအိပ်စေဖို့ ချော့သိပ်တာအဆုံး ဇနီးသည်နဲ့ တူတူ စိတ်ရှည်သည်းခံမှုနဲ့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

(၃) ငွေကြေးစီမံခန့်ခွဲမှု

ဒါကတော့ အရေးကြီးဆုံးအချက်တစ်ချက်လို့လဲ ပြောလို့ရပါတယ်။ ရင်သွေးယူတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်တဲ့အတွက် အရှင်းလင်းဆုံးပြောရရင် စားပေါက်တစ်ပေါက်တိုးလာတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်အနေနဲ့ ဇနီးသည်နဲ့တိုင်ပင်ပြီး ငွေရေးကြေးရေးခိုင်မာတောင့်တင်းမှု ရှိအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ကလေးမွေးမလာခင်အချိန်ကတည်းက ကုန်စရာ ကျန်းမာရေးစရိတ်တွေ၊ ကလေးမွေးလာခဲ့ရင်လဲ မွေးစရိတ်၊ ဆေးရုံစရိတ်၊ ကလေးအသုံးအဆာင်ပစ္စည်းစရိတ်စတဲ့ အထွေထွေကုန်ကျစရိတ်တွေကိုပါ ထည့်တွက်ပြီး ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

ဒီအချက် ၃ ချက်ကိုသာ အိမ်ထောင်သည်အမျိုးသားတွေအနေနဲ့ သတိတရနဲ့ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ မြန်မာကားထဲကလို အားရပါးရနဲ့ “လူဖြစ်ပြီကွ” လို့ ကုန်းအော်နိုင်မှာ အသေအချာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *