Lockdown ကာလမှာ အနေဝေး RS တွေသိဖို့

Posted by

မြန်မာနိုင်ငံမှာဆိုရင်လဲ လူတစ်ယောက်ကနေ တစ်ယောက် ရောဂါကူးစက်ပြန့်ပွားတာကနေ ထိန်းချုပ်နိုင်အောင် တချို့နေရာမှာ ညမထွက်ရ အမိန့်တွေ၊ တချို့ မြို့နယ်တွေက လမ်းတွေကို Lock Down ချထားမျိုးတွေလဲ ရှိနေနိုင်ပါတယ်။ ဒီကပ်ရောဂါဆိုးကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေးတွေ ကမောက်ကမဖြစ်မယ်… စားဝတ်နေရေးတွေလဲ ခက်ခဲတာမျိုးလို ကြီးကြီးမားမား အပြောင်းအလဲတွေအပြင် ထပ်ကြုံတွေ့ရမယ့်အရာတစ်ခုကတော့ သမီးရည်းစားချစ်သူစုံတွဲတေွ အနေဝေးတဲ့ ကိစ္စမျိုးပါပဲ။

လွန်ခဲ့တဲ့ ၂လလောက်ကတင် မင်းအနေနဲ့ ချစ်သူနဲ့ ဒိတ်လုပ်၊ ရုပ်ရှင်ကြည့်၊ ညစာစား စသဖြင့် လုပ်ခဲ့မှာဖြစ်ပေမယ့် ခုချိန်မှာတော့ နှစ်ယောက်တွေ့ပြီး ဒီလိုမျိုးတွေ လုပ်ဖို့နေနေသာသာ အပြင်ထွက်ရင်တောင် အတတ်နိုင်ဆုံး လူစုလူဝေးရှောင်ပြီး သွားလာနေရမှာ ပါပဲ။ ဒါပေမယ့် ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ လူချင်းမတွေ့ရပေမယ့်လဲ ခဏတာ နေရတဲ့ ချစ်သူစုံတွဲတွေအတွက် နှစ်ဦးသား အနေဝေးပေမယ့် သွေးမအေးရအောင် လုပ်လို့ရမယ့် အချက် (၄) ချက်ကို ပြောပြပေးသွားပါ့မယ်။

(၁) တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်မှု မပြတ်ရှိပါစေ…

အရင်ချိန်တွေမှာတုန်းက နှစ်ဦးသား ခဏ ခဏတွေ့ပြီး အတူရှိတဲ့အချိန်များခဲ့နိုင်ပေမယ့် အိမ်တွင်းအောင်းနေရတဲ့ အခုချိန်မှာတော့ တွေ့ပြီး ချစ်ကြောင်း ကြိုက်ကြောင်း မပြောနိုင်တော့ပါဘူး။ အိမ်တွင်းအောင်းနေရပေမယ့် Work From Home လုပ်နေရတဲ့သူတွေ၊ အဲ့လိုမဟုတ်လဲ အိမ်မှာဆိုတော့ အင်တာနက်သုံး၊ ဂိမ်းဆော့ နဲ့ အချိန်ဖြုန်းမိတတ်ကြမှာတော့ အမှန်ပါပဲ။ ဒီတော့ ဘယ်လိုလူမျိုးဖြစ်ဖြစ် ဒီလို အိမ်တွင်းအောင်းနေရတဲ့ အချိန်မှာ ကိုယ်ချစ်ရသူ အတွက် သီးသန့်အချိန်ပေးပြီး စကား‌ပြောပါ။ စကားပြောတဲ့အခါကျရင်လဲ အရင်တုန်းက နှစ်ကိုယ်ကြားမှာ မပြောဖြစ်ခဲ့တဲ့ စကားတွေ၊ အဆင်မပြေမှုတွေ၊ စိတ်ညစ်စရာတွေကို ရင်ဖွင့်ပြီး တိုင်ပင်ပါလို့ အကြံပေးချင်ပါတယ်။

(၂) အွန်လိုင်းပေါ်မှာ အချိန်တူတူ ကုန်ဆုံးပါ…

ဒါလို အွန်လိုင်းပေါ်မှာ နှစ်ဦးသား အချိန်ကုန်ဆုံးပါ ဆိုတာက Messenger ကနေ စကားပြောတာ၊ Video Chat လုပ်တာထက် ပိုပါတယ်။ ခုဆိုရင် အင်တာနက်ကနေ ဘယ်အရာရာပဲဖြစ်ဖြစ် ၂၄ နာရီ တူတူလုပ်လို့ ရတဲ့ အရာတွေ အများကြီးရှိပါတယ်။ အခုခေတ်စားနေတာကတော့ အင်တာနက်က ပုံမှန်လွှင့်နေတဲ့ ဇာတ်လမ်းတွဲတွေကို  Netflix Party  လုပ်ပြီး နှစ်ဦးသား တူတူကြည့်လို့ရနိုင်ပါတယ်။ ဒါထက်ပိုလွယ်တာကတော့ အင်တာနက်ပေါ် လိုင်းတက်လိုက်တာနဲ့ အရင်လို စကားချည်းပဲ ထိုင်ပြောမနေဘဲ Video Call ခေါ်ရင်းနဲ့ ဟင်းတူတူချက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်လို့ ရပါတယ်။ ဂိမ်းဆော့ရတာ ဝါသနာပါတဲ့ စုံတွဲတွေဆိုရင်လဲ Online Game တွေကို တစ်ယောက်နဲ့ တစ်ယောက် Challenge လုပ်ပြီး ကစားလို့ရပါတယ်။

(၃) နှစ်ကိုယ်ကြား အသေးစား စိန်ခေါ်မှုလေးတွေ လုပ်ပါ…

ဒါကတော့ နှစ်ဦးစလုံး စိတ်လဲ ဝင်စားပြီး လုပ်ရတာလဲ ကရိကထ မများမယ့် အလုပ်တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြီး မပြီး စိန်ခေါ်မှုလေးတွေ လုပ်တာကို ပြောချင်တာပါ။ ဉပမာ နှစ်ဦးစလုံး တစ်ပတ်မှာ စာအုပ် ဘယ်နှအုပ်ပြီးအောင် ဖတ်ရမယ်ဆိုတဲ့ စိန်ခေါ်မှုလေးတွေ၊ ဒါမှမဟုတ် ဟင်းချက်နည်းတွေကို လေ့လာပြီး တပတ်မှာတော့ ဟင်း ဘယ်နှမျိုး ပြီးအောင် ချက်ကြည့်မလဲဆိုတာလေးတွေ လုပ်ပြီး စိန်ခေါ်မှုကို မအောင်မြင်တဲ့သူက အွန်လိုင်းကနေ Delivery နဲ့ လက်ဆောင်ပို့ပေးတာတွေ စတာလေးတွေကို လုပ်ပေးလို့ ရပါသေးတယ်။

(၄) ဝေးနေရတဲ့ အချိန်က ခဏတာဆိုတာ သိထားဖို့ လိုတယ်…

ဒါကတော့ ဝေးနေရတဲ့ ချစ်သူနှစ်ဦးသားသိထားဖို့ လိုအပ်တဲ့ Motivation လို့ပြောရင်လဲ မမှားပါဘူး။ ဒီလိုအချိန်ကာလအတွင်းမှာ အလုပ်အကိုင် ခက်ခဲမှုတွေ၊ စားဝတ်နေ‌ရေး ကြပ်တည်းမှုတွေ၊ ရောဂါကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ အားလုံး ကြုံနေရနိုင်ပါတယ်။ ပြောချင်တာကတော့ ဒီလို အချိန်မှာ ဘယ်လောက်ပဲ ဆိုးရွားမှုတွေ ကြုံနေရပါစေ တစ်ချိန်ချိန်မှာတော့ ပြီးသွားမှာပါပဲ။ ဒါပေမယ့်လဲ အကောင်းဘက်က တွေးကြည့်မယ်ဆိုရင် ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပေးနိုင်တယ်… အရင်တုန်းက မလုပ်ဖြစ်ခဲ့တာတွေကို လုပ်လို့ရတယ်… အွန်လိုင်းကနေ ဘာသာရပ်တွေ လေ့လာပြီး အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မယ် စတဲ့ ကောင်းကျိုးတွေကလဲ ဒုနဲ့ဒေးပါပဲ။ ဒီတော့ အနေဝေးနေတဲ့ ချစ်သူတွေ သာမက ဘယ်သူတွေပဲ ဖြစ်ဖြစ် အဆိုးဘက်က မတွေးဘဲနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်ဖို့ ကို သိလိုရာမေးက တိုက်တွန်းချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *