လူအများစုက လိင်ဆက်ဆံဖို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ ချောဆီသုံးဖို့အတွက် နောက်ဆုံးမှ အတွေးရလာတတ်ပါတယ်။ လက်ထဲမှာ ကွန်ဒုံးအဆင်သင့်ရှိနေမယ်၊ တခြားသားဆက်ခြားနည်းလမ်းတွေကြိုတင် အသုံးပြုပြီး ပြင်ဆင်ထားမယ်ဆိုတာ သေချာပေမယ့် ဒီလိုကိစ္စတွေမှာ ချောဆီသုံးတာက ကိုယ်ရဲ့ လိင်မှုဘဝတွေကို ကောင်းမွန်တဲ့ ခံစားမှုအသစ်တွေပေးစွမ်းနိုင်တယ်ဆိုတာကိုတော့ မသိကြပါဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ သဘာဝအလျှောက် ချောဆီထုတ်ပေးတာမှန်ပေမယ့် နောက်ထပ်ချောဆီအပိုဆောင်းပြီး အသုံးပြုဖို့အတွက် လုံလောက်တဲ့ အကြောင်းအချက်တွေက ရှိနေပါတယ်။ သင့်အနေနဲ့ သိထားသိတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆီလီကွန်၊ ရေနဲ့ ဆီ စတဲ့ (၃) မျိုးကို အခြေခံပြီးတော့ ချောဆီတွေကို ပြုလုပ်ထားပါတယ်။
ရေအခြေခံချောဆီ
ရေကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ချောဆီတွေကတော့ ဈေးနှုန်းချိုသာပြီး ကွန်ဒုံးနဲ့လည်း တွဲဖက်အသုံးပြုနိုင်တဲ့အတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ ဒီချောဆီအမျိုးအစားတွေက အရေပြားပေါ်မှာ နူးညံ့စွာနဲ့ပျော်ဝင်နိုင်ပြီး အလွယ်တကူပြန်လည်ဆေးကြောနိုင်တဲ့အပြင် အဝတ်အစားနဲ့ အိပ်ယာခင်းတွေကို စွန်းထင်းမှု မဖြစ်စေပါဘူး။ အားနည်းချက်တစ်ခုအနေနဲ့ကတော့ တခြားချောဆီတွေနဲ့ယှဉ်ရင် ခြောက်သွေ့နိုင်မှု ပိုမိုမြန်ဆန်ပါတယ်။ လိုအပ်တဲ့အချိန်မှာ ချောဆီကို နောက်တစ်ကြိမ်ထပ်ထည့်ခြင်းက ဒီလိုခြောက်သွေ့မှုကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။
ဆီလီကွန်ချောဆီ
ဆီလီကွန်ချောဆီကတော့ ရာဘာကွန်ဒုံးတွေနဲ့အသုံးပြုမှသာ ဘေးကင်းစေမှာဖြစ်ပြီး ပိုမိုခွဲပျစ်တဲ့ ခံစားမှုကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဒီချောဆီအမျိုးအစားက ဈေးကြီးတတ်ပြီး မြန်မာနိုင်ငံမှာ ဝယ်ယူဖို့ ခက်ပါတယ်။ ပုံမှန်အားဖြင့် ရေအခြေခံချောဆီထက်စာရင် ပိုမိုချွဲပျစ်ပြီး ကြာရှည်ခံပေမယ့် အဝတ်အစားတွေ၊ အိမ်ယာခင်းတွေနဲ့ ခန္ဓာကိုယ်ကနေ ပြန်လည်သန့်စင်ဖို့ ခက်ပါတယ်။
ဆီအခြေခံချောဆီ
ဆီအခြေခံချောဆီတွေကတော့ အရေပြားချင်းထိတွေခံစားမှုမှာ သက်သောင့်သက်သာပိုဖြစ်စေပါတယ်။ ပြဿနာတစ်ခုကတော့ ကွန်ဒုံးတွေနဲ့ တွဲဖက်သုံးခဲ့မယ်ဆိုရင်တော့ ပေါက်ပြဲစေနိုင်ပါတဲ့အတွက် တွဲဖက်သုံးဖို့ စဉ်းစားစရာပါပဲ။ ဆီကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ချောဆီတွေမှာ အုန်းဆီ (သို့မဟုတ်) သံလွင်ဆီကနေ ထုတ်လုပ်ထားတာတွေလဲ ရှိပါတယ်။ ဒီလိုဆီကိုအခြေခံထုတ်ထားတာဖြစ်တဲ့အတွက် အိမ်ယာခင်းနဲ့ အဝတ်အစားတွေကို စွန်းထင်းစေနိုင်ပြီး ဆေးကြောသန့်စင်ဖို့ ခက်ခဲပါတယ်။
ချောမွေ့မှုက ပိုပြီးဘေးကင်းစေပါတယ်
ဒီလိုကိစ္စတွေ စပြီဆိုတာနဲ့ အမျိုးသမီးမွေးလမ်းကြောင်းကနေ ကြည်လင်ပြီးအနံမရှိတဲ့ သဘာဝအရည်ကြည်တွေ ထုတ်လုပ်ပေးပြီး ပွတ်မှုအားနဲ့ ကျိန်းစပ်မှုတွေ မဖြစ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ မည်သို့ပင်ဖြစ်စေ ရေဓါတ်ဆုံးရှုံးမှု၊ ဆေးဝါးများ၊ စိတ်ဖိစီးမှု၊ ကနဦးနှိုးဆွချိန်ကြာမြင့်ခြင်း၊ သဘာဝအတိုင်းမထုတ်ပေးနိုင်ခြင်း စတဲ့အခြေအနေတွေ အပေါ်မူတည်ပြီး ထုတ်လုပ်ပေးတဲ့ ပမာဏအနည်းအများက တစ်ယောက်နဲ့တစ်ယောက် မတူညီတတ်ကြပါဘူး။ အတူနေစဉ်မှာ ချောမွေ့မှုမရှိရင် ပွတ်မှုအားနဲ့အတူ အမျိုးသမီးအင်္ဂါ ပွန်းပဲ့စေနိုင်တဲ့အတွက် အမျိုးသမီးအတွက် ပျော်ရွှင်စေနိုင်မှာမဟုတ်တဲ့အပြင် လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ရနိုင်ချေလည်းများပါတယ်။ အချို့အမျိုးသမီးတွေမှာတော့ သဘာဝအတိုင်း လုံလုံလောက်လောက်ထုတ်ပေးတဲ့အတွက် သက်သောင့်သက်သာနဲ့ ပျော်ရွှင်ပြီးမြောက်စေပါတယ်။ အထူးသဖြင့် ဆက်ဆံချိန်ကြာမြင့်တဲ့ စုံတွဲတွေအတွက်ကတော့ ချောဆီထပ်ဆောင်းအသုံးပြုခြင်းက ကောင်းကျိုးတွေအများကြီးပါပဲ။
အကယ်၍ ကွန်ဒုံးသုံးဖို့ ရွေးခဲ့မယ်ဆိုရင် မသုံးခင်မှာ ကွန်ဒုံးအတွင်းနဲ့ အပြင်ကို ချောဆီတစ်စက်နှစ်စက် ချပေးဖို့ အကြံပြုပါတယ်။ ကွန်ဒုံးက ချောဆီပါပြီးသားကို ဘာလို့ လုပ်ဖို့လိုမှာလဲလို့ သင့်အနေနဲ့ စဉ်းစားကောင်းစဉ်းစားနေနိုင်ပါတယ်။ ချောဆီပါပြီးသားဆိုတာမှန်ပင်မယ့် အတူနေစဉ်မှာ ပွတ်တိုက်ပြီး ကုန်သွားနိုင်တဲ့အပြင် ကွန်ဒုံးပေါက်ပြဲစေနိုင်ပါတယ်။ ချောဆီအပိုဆောင်းအသုံးပြုခြင်းက အထိအတွေ့ကို ပိုမိုကောင်းမွန်စေပြီး အလွှာခြားမနေတဲ့ ခံစားမှုမျိုးပေးစွမ်းနိုင်ပါတယ်။
အားလုံးနဲ့သင့်တော်ပါတယ်။
ချောဆီက အသက်ကြီးတဲ့စုံတွဲတွေ ဒါမှမဟုတ် အမျိုးသမီးအင်္ဂါခြောက်သွေ့တဲ့သဘာဝရှိတဲ့ အမျိုးသမီးတွေအတွက် အသုံးပြုကြတယ်လို့ အများစုက ထင်တတ်ကြတဲ့အတွက် သုံးရကောင်းမှန်းမသိကြပါဘူး။ ချောဆီကို အကြောင်းအမျိုးမျိုးကြောင့် လူတိုင်းလိုလို သုံးစွဲနေကြပြီး ဒါက မှားယွင်းတဲ့လုပ်ရပ်တစ်ခုမဟုတ်ဘူး ဆိုတာကို သိစေချင်ပါတယ်။
ချောဆီ အသုံးပြုတာက ပိုကောင်းတဲ့ခံစားမှုတွေကို ရရှိစေနိုင်ပြီး မည်သည့်လိင်၊ အသက်အရွယ်မရွေး အသုံးပြုနိုင်ပါတယ်။ ယောနိလမ်းကြောင်း၊ စအိုလမ်းကြောင်းနဲ့ တကိုယ်ရည်အာသာဖြေခြင်း စတဲ့အခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။ ကနဦးနှိုးဆွချိန်မှာ အသုံးပြုခြင်းဖြင့်လည်း သက်သောင့်သက်သာရှိစေပြီး နှိုးဆွခြင်းကို အထောက်အကူပြုပါတယ်။
ချောဆီသိပ်များရင် အဆင်မပြေပါဘူး။
အထက်ပါအချက်တွေကြောင့် ချောဆီက သုံးချင်စရာဖြစ်နေပါလိမ့်မယ်။ သို့ပင်မယ့် ချောဆီသိပ်များရင်လည်း မကောင်းပါဘူး။ ချောဆီနည်းရင်တော့ ကျိန်းစပ်မှုနဲ့ ပွတ်မှုအားကို ပိုမိုဖြစ်စေပြီး များရင်တော့ လိင်ပိုင်းဆိုင်ရာ ထိတွေ့ခံစားမှုကို လျှော့နည်းစေကာ ပြီးမြောက်ပျော်ရွှင်နိုင်စွမ်း ကျဆင်းနိုင်ပါတယ်။ ဒါကြောင့် တစ်စက်နှစ်စက်သော ပမာဏဆို အဆင်ပြေပါတယ်။ အကယ်၍ အများကြီးသုံးမိတယ်ဆိုရင်တော့ သဘက်စောင်နဲ့ သုတ်ပြီး အလွယ်တကူဖြေရှင်းနိုင်ပါတယ်။ ပျော်ရွှင်နိုင်ကြပါစေ။
Leave a Reply