အမျိုးသမီးတွေ ရာသီလာတဲ့အပေါ်မှာ အမြင်အမျိုးမျိုး ခံစားချက်အမျိူးမျိုး ရှိနိုင်သော်လည်း ရာသီလာနေစဉ် ကရိကထ နည်းချင်တာ သက်သောင့်သက်သာနဲ့ လန်းလန်းဆန်းဆန်း ဖြတ်သန်းချင်ကြတာချည်းဖြစ်ပါတယ်။ ရာသီလာနေစဉ် တကိုယ်ရည်သန့်ရှင်းဖို့ကိစ္စက အစာမစားမီ လက်ဆေးသလို ဒါမှမဟုတ် သွားကျန်းမာရေးအတွက် သွားတိုက်သလိုကို အရေးကြီးပါတယ်။
ဒါကြောင့် ဓမ္မတာလာနေစဉ် တကိုယ်ရည်သန့်ရှင်းမှု ကို မြှင့်တင်ထားဖို့ ပိုပြီး လိုအပ်ပါတယ်။ အမျိုးသမီးလိင်အင်္ဂါ အစိတ်အပိုင်းတွေကို သန့်ရှင်းတာက ရာသီလာနေစဉ် ရေဓါတ်အချိုးအစား မညီမျှဘဲ ရောဂါပိုးဝင်နိုင်တဲ့ အခြေအနေက ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ရာသီလာနေစဉ်အတောအတွင်း တစ်ရက်ကို နှစ်ကြိမ်ခန့် ဆေးကြောသန့်စင်ပေးခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုစေတဲ့အပြင် ရောဂါပိုးဝင်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အမျိုးသမီးအင်္ဂါတဝိုက် ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ အမွေးဆပ်ပြာ၊ ရေချိုးဆပ်ပြာတွေ သုံးခြင်းက အမျိုးသမီးအင်္ဂါ အတွင်းနံရံတွေကို ခြောက်သွေ့စေပြီး pH မျှတမှုကို ပျက်ပြားစေလို့ မသုံးစွဲသင့်ပါဘူး။ အမွေးနံ မပါတဲ့ ဆပ်ပြာ၊ ဆပ်ပြာအပျော့စား ဒါမှမဟုတ် ရေဆေးနိုင်ပါတယ်။ ဆေးကြောဖို့အတွက် အပြင်ပိုင်းသာ လိုအပ်ပြီး ယောနိလမ်းကြောင်း အတွင်းထဲထိ ဆေးကြောဖို့ မလိုအပ်ပါဘူး။

သွေးဆင်းတဲ့အနံအသက်တွေ ပျောက်ကင်းဖို့အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းကို လဲပေးဖို့နဲ့ သန့်ရှင်းတဲ့ အတွင်းခံဘောင်းဘီတွေ ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ သွေးဆင်းအများဆုံးဖြစ်တဲ့ရက်တွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းကို တစ်နေ့ ၄-၅ ကြိမ်လောက် လဲပေးသင့်ပါတယ်။ (ရာသီစလာတဲ့ ပထမတစ်ရက် နှစ်ရက်က သွေးဆင်းအများဆုံး နေ့တွေဖြစ်ပါတယ်)။ ညဘက်အိပ်ယာဝင်တဲ့အခါ ပိုပြီး ထူတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်း သုံးဖို့ လိုအပ်ပါတယ်။
ရာသီလာနေစဉ်မှာ ထူထဲတဲ့ ပိတ်သားတွေ ဂျင်းဘောင်းဘီအကျပ်တွေ ဝတ်တာက လေဝင်လေထွက် မကောင်းဘဲ အစိုဓါတ်နဲ့ အပူပိုထွက်တဲ့အတွက် ဘတ်တီးရီးယားတွေ ပိုမိုပေါက်ဖွားနိုင်တာကြောင့် မသင့်တော်ပါဘူး။ ချည်ဘောင်းဘီလိုမျိုး လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာက အကြံကောင်းဖြစ်နိုင်ပါတယ်။ အမျိုးသမီးအင်္ဂါဆေးတဲ့ဆေးရေတွေ အမွှေးနံသာတွေ သုံးခြင်းက ယားယံခြင်း ဓါတ်မတည့်ခြင်းတွေ ဖြစ်နိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။
နောက်ထပ် အကြံကောင်းတစ်ခုကတော့ အားကစားလုပ်ပြီး ဒါမှမဟုတ် ချွေးထွက်ပြီးခါစမှာ အတွင်းခံတွေကို လဲလိုက်တာပါ။ ဒါက ပြန်လည်လန်းဆန်းခြင်းကို ပေးနိုင်ပါတယ်။ အိမ်သာတက်ပြီးရင် အမျိုးသမီးအင်္ဂါတဝိုက်သေချာဆေးပေးတာက ယောနိလမ်းကြောင်းပိုးဝင်တာက ကာကွယ်ပေးနိုင်ပါတယ်။ အချိန်တိုင်းမှာ ဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ပျိုးထောင်ထားဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် ရာသီလာနေစဉ် လိင်ဆက်ဆံတာက တခြားအချိန်တွေနဲ့ ယှဉ်ရင် ရောဂါပိုး ကူးစက်နိုင်ချေ ပိုမြင့်လို့ပါ။
ရာသီလာနေစဉ် အနံထွက်တာကို စိုးရိမ်နေသေးတယ်ဆိုရင်တော့ သိထားရမယ့်တစ်ချက်က ဒီအရာက လုံးဝပုံမှန်ဖြစ်တာဆိုတာပါပဲ။ အကယ်၍ အလွန်ဆိုးဝါးတဲ့အနံအသက်တွေ ရှိနေခဲ့ရင်တော့ ပိုးဝင်တဲ့ လက္ခဏာမို့ ဆရာဝန်နဲ့ ပြသဖို့ အလွန်အရေးကြီးပါတယ်။
အထက်ပါ အချက်တွေကို လိုက်နာကျင့်သုံးပြီး ရာသီလာနေစဉ် သန့်ရှင်းလန်းဆန်းစွာ ဖြတ်သန်းနိုင်ကြပါစေ။
Leave a Reply