သင်သုံးချင်တဲ့ သားဆက်ခြားနည်းလမ်းနဲ့ သင့်အဖော်ရဲ့ ရွေးချယ်မှုက ထပ်တူမကျနိုင်ပါဘူး။ မည်သို့ပင်ဖြစ်စေ ဘေးကင်းလုံခြုံတဲ့ လိင်ဆက်ဆံမှုတစ်ခုဖြစ်ဖို့ သားဆက်ခြားနည်းလမ်းရွေးချယ်ရမှာ နှစ်ယောက်သဘောတူဖြစ်ဖို့ လိုအပ်ပါတယ်။
ဒါဆို ဒီအခြေအနေကို ဘယ်လို ကျော်လွှားမလဲ။ ကျွမ်းကျင်မှုမရှိသေးတဲ့အဆင့်က စုံတွဲတွေအတွက်တော့ ကွန်ဒုံးက ဘာနဲ့တူတယ်၊ ဘယ်လိုသုံးရတယ် စသည်ဖြင့် အရင်ဆုံးလေ့လာဖို့ လိုပါတယ်။ ကွန်ဒုံးကို ဝယ်ပြီး အရင်ဆုံးလေ့လာကြည့်ပါ။ ဒီလိုလုပ်တာက တကယ်တမ်း အရေးကြုံလာတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။
နောက်တစ်ဆင့်ကတော့ ကွန်ဒုံဆိုတဲ့အကြောင်းအရာကို သင့်အဖော်နဲ့ ပြောဆိုခြင်းပါပဲ။ ကွန်ဒုံးက သင့်အဖော်အမျိုးသားက သုံးမှ ရတာဖြစ်တဲ့အတွက် သူ့ရဲ့ တုန့်ပြန်ချက်တွေကို အကောင်းဆုံး ပြောဆိုဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ချေရှိတာတွေကို ကြည့်ရအောင်။
သူက ဒါကြီးဝတ်ရတာ သက်သောင့်သက်သာမရှိလှဘူးဆိုပြီး ပြောလာနိုင်ပါတယ်။
ဒါဆိုရင်တော့ သင့်တော်တဲ့ အရွယ်အစားနဲ့ အမျိုးအစားတွေ အများကြီးရှိတယ်ဆိုတာပြောပြပေးပါ။ ကွန်ဒုံးသုံးတာက အသားကျဖို့အတွက်တော့ အချိန်လိုကောင်းလိုနိုင်ပါတယ်။
ဒါကြီးဝတ်ရတာ ခံစားမှုမကောင်းဘူး။
အကာအကွယ်မဲ့ဆက်ဆံမိလို့ မလိုလားအပ်တဲ့ကိုယ်ဝန်နဲ့ လိင်မှတဆင့်ကူးစက်ရောဂါတွေရလာနိုင်တာကို တွေးကြည့်လိုက်ပါ။ ဒီလိုတွေဖြစ်လာရင် နှစ်ယောက်လုံး ပူပန်စိုးရိမ်နေရနိုင်ပြီး ပျော်နိုင်မှာမဟုတ်တော့ပါဘူး။
တစ်ယောက်ကို တစ်ယောက်ချစ်တယ်ဆိုရင် ယုံကြည်ပေးသင့်တယ်။
ဒီလိုပြောလာရင်တော့ တကယ်ချစ်တယ်ဆိုရင် နှစ်ယောက်လုံးဘေးကင်းလုံးခြုံဖို့ သေချာအောင် လုပ်ဖို့ ပိုပြီး လိုအပ်ကြောင်းပြောပါ။
ရောဂါကူးမှာကြောက်လို့လား။
ဒီလိုရောဂါတွေက ရှိနေမှန်းမသိလောက်အောင်ကို လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် သေချာပေါက် စိတ်ချရတဲ့ အခြေအနေကို ဖန်တီးသင့်ကြောင်းပြောပါ။
ကွန်ဒုံးသုံးတာက စိတ်ပျက်ဖို့ ဒါမှမဟုတ် ပျင်းဖိ့ုကောင်းတယ်။
လိင်ဆက်ဆံတာက ဘေးကင်းလုံးခြုံမှုမရှိတာက ပိုပြီး စိတ်ပျက်ဖို့ကောင်းပါတယ်။ ကွန်ဒုံးမှာ လိင်သာယာမှုပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ဥပမာ အဖုတွေပါတာ၊ ထိပ်ခေါင်းကြီးတာ စသည်ဖြင့် အမျိုးအစားတွေအများကြီးရှိတာကို ပြောပြပါ။
ဘယ်လိုသုံးရမလဲ မသိဘူး။
ဒီကိစ္စက လွယ်ပါတယ်။ မသိသေးရင် လေ့လာပါ။ သိလိုရာမေးရှိတယ်နော်။
အချိန်ကွက်တိကျဖို့ ဘယ်လိုလုပ်မလဲ။
ကွန်ဒုံးကို ဘယ်လိုသုံးရတယ်ဆိုတာ လေ့လာပြီးရင် သင့်အဖော်နဲ့ ဒီအကြောင်း ဆွေးနွေးပါ။ လိင်မဆက်ဆံခင်မှာ ကြိုပြီးဆွေးနွေးညှိုနှိုင်းထားဖို့ လိုပါတယ်။ လူအများစုက ကွန်ဒုံးတကယ်လိုတဲ့အအခြေအနေရောက်မှ ကွန်ဒုံးမရှိလို့ စိတ်ကို အလိုလိုက်မိတတ်ကြပြီး နောက်မှ နောင်တရတတ်ကြပါတယ်။ ဒါကြောင့် လိင်မဆက်ဆံခင် သားဆက်ခြားနည်းလမ်းသုံးဖို့ အရင်ဆွေးနွေးပါ။
ဆွေးနွေးတဲ့နေရာမှာ အချက်အလက်နဲ့ ပြောပါ။ သင်လေ့လာဖူတဲ့ ကွန်ဒုံးတွေ ချပြပါ။ ဒါမှမဟုတ် သင်တို့နှစ်ယောက်လုံး အဆင်ပြေမယ့် ကွန်ဒုံးကို ရွေးဝယ်ခိုင်းပါ။ ကွန်ဒုံးမသုံးရင် ဆက်ဆံမှုမလုပ်ဘူးဆိုတာ ရှင်းအောင်ပြောပါ။ အကယ်၍ သင့်အဖော်က ကွန်ဒုံးသုံးရမယ်ဆိုရင် ဆက်ဆံရေးရပ်စဲမယ်ပြောလာပါက နှုတ်ဆက်လမ်းခွဲဖို့ အသင့်ရှိကြောင်း ပြသပါ။ သင့်ကို လုံလောက်တဲ့ အကာအကွယ်မပေးနိုင် သင့်ယူဆချက်ကို မလေးစားတဲ့သူနဲ့ လမ်းခွဲဖို့ ထိုက်တန်ပါတယ်။
အကြံပြုချက်များ
ကွန်ဒုံးရဲ့ သက်တမ်းကို သေချာကြည့်ပါ။ ရက်လွန်နေရင် မသုံးသင့်ပါ။
ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးက ကွန်ဒုံးကွဲနိုင်ချေနည်းတဲ့အတွက် ရွေးချယ်သင့်ပါတယ်။ (ရာဘာနဲ့ ဓါတ်မတည့်ပါက ပိုလိုယူသရိန်းနဲ့ ပြုလုပ်ထားတာ သုံနိုင်ပါတယ်)
အကယ်၍ ချောဆီသုံးတယ်ဆိုရင်တော့ ရေကိုအခြေခံတဲ့ ချောဆီသုံးသင့်ပါတယ်။ (လိုရှင်းတွေ၊ ဆီတွေ မသုံးသင့်ပါဘူး)
ကွန်ဒုံးဖောက်တဲ့အခါမှာ ချွန်ထက်တဲ့အရာတွေ ဒါမှမဟုတ် ပါးစပ်နဲ့ ကိုက်မဖောက်သင့်ပါ။ လက်နဲ့သာ ဖောက်သင့်ပါတယ်။
ကွန်ဒုံးစွပ်တဲ့အခါ လိင်တံထိပ်ဖျားကိုတင်ပြီးတာနဲ့ အလိပ်ကလေးကို တဖြည်းဖြည်းဖြည်ချပါ။ ထိပ်မှာ လေခိုနေရင် ကွန်ဒုံးပေါက်နိုင်ချေများပါတယ်။
ကွန်ဒုံးချွတ်တဲ့အခါ အရင်းကို သေချာကိုင်ပြီး သုတ်ရည်တွေ အပြင်မထွက်အောင် ချည်ပြီးမှ လွှတ်ပစ်သင့်ပါတယ်။
သုတ်လွှတ်ပြီးတာနဲ့ ကွန်ဒုံးကို ချွတ်ပြီး နောက်တစ်ခါ ဆက်ဆံရင် အသစ်တစ်ခု ထပ်စွပ်ဖို့ လိုပါတယ်။
မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကတော့ လိင်အပျော်အပါးမှ ရှောင်ကြဉ်တာပဲ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ကွန်ဒုံးသုံးပြီး ကာကွယ်မှု ယူနိုင်ပါတယ်။ အချိန်တိုင်းမှာ ကွန်ဒုံးကို မှန်ကန်စွာ စနစ်တကျသုံးစွဲမယ်ဆိုရင် လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်မှုအပေးနိုင်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။
Leave a Reply