
လိင်ဆက်ဆံရန် လိုအပ်ဆန္ဒ နည်းပါးခြင်းဟာ Relationship တစ်ခုရဲ့ အနာဂတ်ကို အဖြေပေးနိုင်တဲ့အထိ သက်ရောက်မှုရှိတဲ့အတွက် ပေါ့ပေါ့တန်တန်သဘောမထားဘဲ အချိန်ပေးပြီး ဖြေရှင်းသင့်ပါတယ်။
လိင်ဆက်ဆံရန် လိုအပ်ဆန္ဒ နည်းပါးခြင်းဟာ လိင်စိတ်ကမောက်ကမဖြစ်ခြင်းလို့ မှတ်ယူနိုင်ပါတယ်။ ကိုယ့်ဘက်က တော်တော်ဖြစ်နေပေမယ့် သူ့ဘက်က စိတ်မလာတဲ့အခါ နှစ်ဘက်စလုံးမှာ အဆင်မပြေမှုများပဲ တိုးပွားလာစေပါမယ်။ စိတ်မပါသော်လည်း ခင်ပွန်းသည်ရဲ့ အလိုဆန္ဒကို ကြိတ်မှိတ်ပြီး အလိုလိုက်ခဲ့ရတဲ့ အိမ်ထောင်ရှင်မတွေအတွက် ရေရှည်မှာ လိင်ဆက်ဆံခြင်းဟာ အပြစ်တစ်ခုလို့ မှတ်ယူပြီး စိတ်မချမ်းသာမှုတွေကိုပဲ လက်ဝယ်ပိုင်ဆိုင်နေရသလို အလုပ်ကိစ္စ၊ ငွေကြေးပြဿနာ၊ ဖိအားတို့ကြောင့် စိတ်မပါတဲ့ ခင်ပွန်းနဲ့ လိင်ဆက်ဆံချင်တဲ့ ဇနီးတို့ကြားက ပြဿနာကလည်း မငြိမ်းတဲ့ဖွဲမီးလို တငွေ့ငွေ့နဲ့ ပြဿနာတွေဆီကို ဦးတည်နေမှာပါ။
တွေးကြည့်တဲ့အခါ ရိုးရှင်းပါတယ်။ လူသားတို့ဟာ ဘက်ညီမျှတွေနဲ့ ဖွဲ့စည်းထားတာပါ။ မျက်လုံး၊ နှာခေါင်း၊ နားရွက်ကစလို့ ခြေ၊ လက် အထိ ဘက်မမျှရင် ကြည့်မလှပါဘူး။ အိမ်ထောင်ရေး၊ သမီးရည်းစား ချစ်သူတို့ကြားမှာလည်း ဒီလိုပါပဲ။ ဘက်မျှမှသာ ပျော်စရာ ချစ်ရည်လူးတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်မှာပါ။ ဘာကြောင့်ပဲဖြစ်စေ ကိုယ့်အလိုဆန္ဒမပြည့်ဝတဲ့အခါ လူသားတွေဟာ စိတ်တိုတတ်ကြတာ သဘာဝပါ။ ဒါပေမဲ့ ဒီလိုကိစ္စမှာတော့ စိတ်တိုနဲ့ နည်းနဲ့ ဖြေရှင်းရင် အမှားပေါ် အမှားဆင့်သွားမှာပါ။
ကိုယ့်ရဲ့ အိမ်ထောင်ဘက်၊ ချစ်သူက လိင်ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်မပါတဲ့အခါမျိုးတွေ ရှိလာတဲ့အခါ အပြစ်တင် မစောပါနဲ့။ ဘာကြောင့် သူစိတ်မပါရတာလဲဆိုတဲ့ အဖြေကို အတူတကွရှာပါ။ လူတစ်ယောက်ဟာ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ နာကျင်မှုဖြစ်တာမျိုးလို ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် လိင်ဆက်ဆံရမှာ စိတ်မပါတာရှိနိုင်သလို ငွေကြေးအခက်အခဲ၊ အလုပ်ဖိအား၊ လူမှုရေးကိစ္စ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း လိင်ဆက်ဆံဖို့ရာ စိတ်မပါတာမျိုုးတွေ ရှိနိုင်ပါတယ်။ ချစ်သူနှစ်ဦး အတူတူ အဖြေရှာပြီး တိုင်တိုင်ပင်ပင်ဆောင်ရွက်မယ်ဆိုရင် လိင်ဆက်ဆံရန် လိုအပ်ဆန္ဒ နည်းပါးခြင်းဆိုတဲ့ ပြဿနာကို အဖြေရှာတွေ့မယ်လို့ အကြံပေးပါရစေ။ အကယ်၍ မည်သို့ပင် တိုင်ပင်ဆွေးနွေးအဖြေရှာပါစေ … ဘယ်လိုမှ အဆင်မပြေနေဘူး၊ စိတ်မပါခဲ့ဘူးဆိုရင်ဖြင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ HSDD လို့ခေါ်တဲ့ လိင်ဆက်ဆံရန် လိုအပ်ဆန္ဒ နည်းပါးခြင်းဆိုတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး အကောင်းဆုံးနည်းကတော့ ကိုယ်က လိင်ဆက်ဆံချင်စိတ် နည်းနေပြီလား၊ ကိုယ့်ရဲ့ အိမ်ထောင်ဘက်၊ ချစ်သူက လိင်ဆက်ဆံချင်စိတ်နည်းနေပြီလားဆိုတာ သိလိုက်ပြီဆိုတာနဲ့ ဘာကြောင့်ဆိုတဲ့ အဖြေကို ရှာသင့်ပါတယ်လို့ .. အကယ်၍ အဆင်မပြေတာကို ကြိတ်မှိတ်ပြီး ဆက်ဆံခဲ့လို့ လိင်စိတ်နဲ့ ပတ်သက်ပြီး လုံးဝတက်ကြွမှု မရှိတော့ဘူးဆို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ လူ့ဘဝရဲ့ အရသာတစ်ခုဖြစ်တဲ့ ချစ်ရည်လူးခြင်းအရသာကို ပြန်လည်ရှာဖွေနိုင်ပါကြောင်း သိလိုရာမေးက အကြံပြုလိုက်ရပါတယ်ခင်ဗျာ ….
Leave a Reply