
လိင်တံကင်ဆာဆိုတာ အမျိုးသားတွေရဲ့ လိင်တံအရေပြား (ဒါမှမဟုတ်) လိင်တံအတွင်းမှာ ဖြစ်ပွားတတ်တဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်ပါတယ်။ လိင်တံကင်ဆာက အဖြစ်နည်းတဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါဝင်ပေမယ့်လဲ မျိုးဆက်ပွားကျန်းမာရေးအရ အမျိုးသားတွေ သတိထားသင့်တဲ့ ကင်ဆာအမျိုးအစားတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
လိင်တံကင်ဆာရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့
- လိင်တံပေါ်တွင် ဖြစ်ပွားသော ယားနာ၊ အနာကွက်များနှင့် ထိခိုက်ဒဏ်ရာများ တော်တော်နှင့်အနာမကျတ်ခြင်း
- ထိုလိင်တံပေါ်ရှိ အနာကွက်များ ယားနာများမှ သွေးထွက်ခြင်း (သို့မဟုတ်) လိင်တံမှ မူမမှန် သွေး ခဏခဏထွက်ခြင်း
- လိင်အင်္ဂါမှ ထွက်သော အရည်များနှင့် သွေးများတွင် ဆိုးရွားသော အနံ့များ ထွက်ခြင်း
- လိင်တံအရေပြား ထူထဲလာခြင်း နှင့် အရေပြား အရောင်ပြောင်းခြင်း
- လိင်တံပေါ်တွင် အနီရောင်အကွက်များ ထလာခြင်း စတဲ့ ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်။
လိင်တံကင်ဆာ ဖြစ်ရခြင်း အကြောင်းအရင်းများ
ယေဘူယျအားဖြင့်တော့ လိင်တံကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းရယ်လို့ တိတိကျကျ ပြောနိုင်တာမျိုးမရှိပေမယ့် အဖြစ်များသောအကြောင်းအရင်းများကတော့ လိင်မှတဆင့်ကူးစက်တတ်တဲ့ STIs ရောဂါများထဲမှ တစ်ခုဖြစ်တဲ့ HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဖြစ်ခြင်း၊ ဆေးလိပ် အလွန်အကြူး သောက်သုံးသူဖြစ်ခြင်း၊ ကိုယ်ခံစွမ်းအား လျော့ကျတတ်သောသူဖြစ်ခြင်း လိုမျိုး အမျိုးသားတွေက လိင်တံကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားလေ့ရှိကြပါတယ်။
လိင်တံကင်ဆာ ကုသမှုနည်းလမ်းများ
ဆရာဝန်တွေအနေနဲ့ လိင်တံကင်ဆာဖြစ်ပွားနေသူတွေကို လိင်တံအရေပြားပေါ်ရှိ ရောဂါဖြစ်သော နေရာနဲ့ ကင်ဆာဆဲလ်များ ပျံ့နှံ့မှု ပမာဏပေါ်မူတည်ပြီး ကုသမှုနည်းလမ်းအမျိုးမျိုးကို ပေးလေ့ရှိပါတယ်။ ကနဦး ရောဂါအခြေအနေကို သိနိုင်ဖို့ အသားစထုတ်ယူစစ်ဆေးခြင်း၊ ကင်ဆာဆဲလ်ပြန့်ပွားမှုအဆင့်ပေါ်မူတည်ပြီး ဓာတ်ရောင်ခြည်ပေးကုသခြင်း (Radiotherapy) ၊ ကင်ဆာဆေးသွင်းကုသခြင်း (Chemo Therapy) တို့နဲ့ ကုသနိုင်ပါတယ်။
လိင်တံကင်ဆာကို ဘယ်လိုကာကွယ်ရမလဲ?
လိင်တံကင်ဆာကို အပြည့်အဝကာကွယ်နိုင်တဲ့ နည်းလမ်းရယ်လို့ တိတိကျကျမရှိသေးပေမယ့် ရောဂါဖြစ်ပွားမှုအလားအလာကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကတော့
- ဆေးလိပ်သောက်သုံးမှုကို အတတ်နိုင်ဆုံး လျှော့ချပါ…
- လိင်တံသန့်ရှင်းရေးကို အထူးဂရုပြုပါ…
- လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်နိုင်ရန်အတွက် လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုပါ…
- လိင်တံပေါ်တွင် ဖြစ်သော ယားနာများ၊ အနာကွက်များ နှင့် ထိခိုက်ဒဏ်ရာများ တစ်လအတွင်း အနာမကျက်ပါက ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသပါ…
Leave a Reply