ဒါက တော်တော်များများမှာ ရှိနေတဲ့ အယူအဆမှားတစ်ခု ဖြစ်ပါတယ်။ ဆက်ဆံမှုတစ်ခုရဲ့ အဆုံးသတ်မှာ ခံစားမှုတွေ အထွဋ်အထိပ်ရောက်လာမယ်။ ဒါဟာ တစ်ခုတည်းသော ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး။ အဲဒီလို အဆုံးသတ်ခံစားမှုဆီ ရောက်ဖို့ကိုသာ စိတ်ရောက်နေမယ်ဆိုရင် လိင်မှုဘ၀နဲ့ ပတ်သက်ပြီး ပြည့်စုံတဲ့ ခံစားမှုမျိုး မရနိုင်ဘူး။
တကယ်တော့ လိင်ဆက်ဆံမှုဟာ အလုပ်တစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် ပြီးမြောက်သွားဖို့ကိုပဲ ဦးတည်မနေပါနဲ့။ တကယ်ဆို ဒါဟာ အပန်းဖြေခရီးတစ်ခု ထွက်သလိုပါပဲ။ တစ်နေရာရာကို အရောက်သွားနေတယ်ဆိုပေမယ့် လမ်းခရီးတစ်လျှောက်မှာလည်း ပျော်ရွှင်မှုကို ခံစားနိုင်ပါတယ်။ ဒါမှလည်း စိတ်ကျေနပ်မှု အပြည့်အ၀ရှိတဲ့ အမှတ်တရခရီးလေးတစ်ခု ဖြစ်လာမှာပါ။
ဆက်ဆံမှုမစခင်မှာ နှစ်ယောက်လုံးအတွက် အဆင်ပြေမယ့် နေရာမျိုး ရွေးချယ်တာ၊ ဥပမာ ပြောရရင် နေရာအသစ်တစ်ခုခု၊ ဒါမှမဟုတ်လည်း အသစ်အဆန်းပုံစံကို တမင်သရုပ်ဆောင်တာ၊ ဥပမာ အမျိုးသမီးကပဲ အဖြစ်အပျက်တစ်ခုလုံးကို ဦးဆောင်တာမျိုးပေါ့၊ ဒါတွေကြိုတင်လုပ်ဆောင်ဖို့ လိုတယ်။ ပြီးရင် တစ်ယောက်နဲ့ တစ်ယောက် ချစ်စကားပြောတာ၊ ပွတ်သပ်တာ၊ ဒီလိုမျိုး ချစ်တင်းနှောတာတွေ လုပ်နိုင်ပါတယ်။ စပြီးဆိုတာနဲ့ တန်းပြီးဆက်ဆံတာမျိုးက ပြီးမြောက်မှုကို ဖြစ်စေတာမှန်ပေမယ့် ဆန္ဒကိုတော့ ပြည့်ဝစေမှာ မဟုတ်ပါဘူး။
တွေ့ရှိချက်တစ်ခုဆိုရင် အမျိုးသမီးတွေရဲ့ ၃၀% ကသာ မိန်းမကိုယ်ဖြင့် လိင်ဆက်ဆံခြင်းတစ်ခုတည်းနဲ့ စိတ်ဆန္ဒပြည့်ဝတတ်တာကို တွေ့ရပြီး ကျန်တဲ့ ၇၀%အတွက်တော့ တခြားသော လိင်မှုဆိုင်ရာ လှုံ့ဆော်မှုတွေ မရှိဘဲ ဆန္ဒပြည့်ဝမှု မရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆက်ဆံမှုတစ်ခုဟာ ပြီးဆုံးသွားရုံသက်သက် မဟုတ်ဘူး ဆိုတာလေး သိစေချင်ပါတယ်။
၂။ အမျိုးသားတွေက လိင်ဆက်ဆံမှုကို ပိုလိုချင်ပြီး အမျိုးသမီးတွေကတော့ ရိုမန်တစ်ဆန်တာကို ပိုလိုချင်ကြတယ်။
ဒါကလည်း လွဲမှားတဲ့ အယူအဆတစ်ခုပါပဲ။ အမျိုးသားတွေဟာ လိင်ကိစ္စမှာ ဦးဆောင်ကြတာ မှန်ပေမယ့် သူတို့မှာလည်း ချစ်ရေးချစ်ရာနဲ့ ပတ်သက်လို့၊ စိတ်ခံစားချက်နဲ့ ပတ်သက်လို့ တောင့်တလိုအပ်မှုတွေ ရှိကြပါတယ်။ အဲဒီလိုပဲ၊ အမျိုးသမီးများဟာလည်း လိင်မှုရေးရာ ခံစားချက်တွေ၊ ဆန္ဒပြည့်ဝမှုတွေကို တောင့်တကြပါတယ်။ အဲဒီလို အပြန်အလှန် သဘောပေါက်ထားမှသာ သာယာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာပါ။ မဟုတ်ရင် လိုတာမရ၊ ရတာမလို ဖြစ်နေတတ်ပါတယ်။
၃။ အမျိုးသားလိင်တံအရွယ်အစားက စိတ်ဆန္ဒပြည့်ဝမှုအတွက် အရေးကြီးတယ်။
ပညာတတ်ပြီး အသိပညာရှိတဲ့ အသိုင်းအ၀ိုင်းကြားထဲမှာတောင် ဒီအယူအဆအမှားက ရှိတတ်ပါတယ်။ အမျိုးသားလိင်တံအရွယ်အစား ကြီးလေလေ၊ ဆက်ဆံရာမှာ စိတ်ဆန္ဒပြည့်ဝဖို့ အထောက်အကူဖြစ်လေလေ ဆိုတာပါပဲ။ အမှတ်တမဲ့ကြည့်ရင်လည်း ဟုတ်တယ်ထင်ချင်စရာပါ။ ဒါပေမယ့် သုတေသနလေ့လာတွေ့ရှိချက်တွေအရတော့ အရွယ်အစားကြီးခြင်း၊ သေးခြင်းဟာ ဘာမှထူးခြားချက်မရှိဘူး ဆိုတာပါပဲ။ ဆက်ဆံမှုတစ်ခု အဆင်ပြေချောမွေ့စေဖို့၊ နှစ်ဦးစလုံး စိတ်ဆန္ဒပြည့်ဝပြီး အိမ်ထောင်ရေးသုခနဲ့ ပြည့်စုံဖို့ အဓိကလိုအပ်တာကတော့ လိင်ဆက်ဆံခြင်းဆိုင်ရာ အလေ့အကျင့်တွေ ကောင်းမွန်ဖို့နဲ့ စိတ်ခံစားချက်အရ တစ်ဦးကိုတစ်ဦး ချစ်ခင်တပ်မက်မှု ရှိကြဖို့ပါပဲ။ ယောကျာ်းပီသမှုကို သူ့ရဲ့ လိင်တံအရွယ်အစားနဲ့ တိုင်းတာသတ်မှတ်လို့ မရပါဘူး။ နောက်ပြီး အံ့အားသင့်ဖွယ်တွေ့ရှိချက်တစ်ခုကတော့ လိင်တံအရွယ်အစားကြီးစေတယ် ဆိုတဲ့ ဆေးတွေဟာ အာနိသင်ရှိပြီး ထိရောက်ပါတယ်ဆိုတဲ့ သက်သေပြချက်မျိုး အခုချိန်ထိ မတွေ့ရသေးတာပါပဲ။
၎။ များများဆက်ဆံလေ ပိုပျော်ရွှင်ရလေ
လိင်ဆက်ဆံခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဆောင်းပါးတွေ ရေးလာကြတယ်။ လိင်ဆက်ဆံခြင်းဟာ ပျော်ရွှင်မှုကို ဖြစ်စေတယ်တဲ့။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။ ဒီလိုဆိုတော့ များများဆက်ဆံလေ ပိုပျော်ရွှင်ရလေ မဟုတ်ဘူးလား။ Carnegie Mellon က သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရတော့ များများဆက်ဆံတိုင်းလည်း ပျော်ရွှင်ရမှု မရှိဘူးဆိုတာ တွေ့ရပါတယ်။ အဓိကကတော့ ဆက်ဆံမှုတစ်ခုမှာ ဘယ်လောက်ထိ အဆင်ပြေချောမွေ့သလဲဆိုတာနဲ့ ကိုယ်နဲ့ကိုယ့်အဖော်ရဲ့ ဆက်ဆံရေးအနေအထားကပဲ ပျော်ရွှင်မှုရဖို့အတွက် အဓိကအထောက်အကူပေးပါတယ်။
၅။ အမျိုးသမီးစိတ်ဆန္ဒပြည့်ဝဖို့ အမျိုးသားမှာပဲ တာဝန်ရှိတယ်
အထူးသဖြင့်တော့ ကျွန်တော်တို့ အရှေ့တိုင်းနိုင်ငံတွေဆီမှာ ဒီလိုအယူအဆတွေ ပိုပြီးအားကောင်းတတ်ပါတယ်။ မိန်းကလေးတွေဟာ အရှက်အကြောက်ကြီးတယ်။ ဒီလို လိင်မှုကိစ္စနဲ့ ပတ်သက်ရင် မမေးမြန်းရဘူး၊ မဆွေးနွေးရဘူး၊ ကိုယ့်အမြင် ကိုယ့်ခံစားချက်တွေ ထုတ်ဖော်မပြောရဘူး။ ဒီလိုပွင့်လင်းမှုမရှိတဲ့ အနေအထားက အိမ်ထောင်ကျတဲ့အထိ ပါလာတယ်။ လိင်မှုကိစ္စဆိုရင် ယောကျာ်းကပဲ ဦးဆောင်ရမယ်လို့ တရားသေမှတ်ထားကြတယ်။ ယောကျာ်းရဲ့ စိတ်ဆန္ဒတွေ ပြည့်ဝဖို့သာ မိန်းမက ဖြည့်ဆည်းပေးရမယ် ဆိုတာမျိုး ခံယူတတ်ကြတယ်။ မိန်းမမှာလည်း လိင်စိတ်ဆန္ဒတွေ ရှိကြတာပါပဲ။ ဒီလိုနဲ့ ကြာလာတဲ့အခါမှာ အိမ်ထောင်ရေးအဆင်မပြေတော့ဘူး။ ဒါတွေဟာ တကယ်တော့ လိင်မှုဘ၀မှာ ပွင့်လင်းမှုမရှိခြင်းရဲ့ အကျိုးဆက်တွေပါပဲ။
အမျိုးသမီးတစ်ယောက် လိင်စိတ်ဆန္ဒတွေ ပြည့်ဝဖို့ အမျိုးသားကပဲ လုပ်ပေးလို့ မရပါဘူး။ အမျိုးသမီးကိုယ်တိုင်က သူ့ခန္ဓာကိုယ်ရဲ့ အကြောင်း သိထားဖို့နဲ့ ကိုယ့်အဖော်နဲ့ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ဖို့လည်း လိုပါတယ်။ ဒါမှသာ သာယာပျော်ရွှင်တဲ့ လိင်မှုဘ၀ကို ရနိုင်ကြမှာ ဖြစ်ပါတယ်။
Reference
http://www.prokerala.com/relationships/sexuality/sex-myths-sex-facts.php
https://familyshare.com/23865/6-myths-about-female-sexuality-that-are-killing-your-sex-life
Leave a Reply