ဒါဆို အန္တရယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချမှု ဆိုတာ ဘာလဲ၊ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ချဖို့ကို ဘာဖြစ်လို့များ ကိုယ့်အသက်ကိုယ်စွန့်စားရတဲ့အထိ ကြိုးစားနေကြသလဲ။ ဒီလိုဖြစ်ပျက်နေတာတွေကို ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတဲ့ မေးခွန်းတွေကတော့ အများကြီး ရှိနေပါသေးတယ်။
အသက်အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းဆိုတာ လုံလောက်တဲ့ ဆေးပညာတတ်ကျွမ်းမှု မရှိတဲ့သူက သန္ဓေသားဖယ်ရှားပေးတာဖြစ်ဖြစ်၊ အန္တရယ်ရှိတဲ့အခြေအနေမှာ ဖျက်ချဖို့ ကြိုးစားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီအခြေအနေနှစ်ခုစလုံးနဲ့ အကြုံးဝင်နေတာဖြစ်ဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတစ်ရပ်မှာ တတ်ကျွမ်းနားလည်တဲ့သူနဲ့ ဆောင်ရွက်တာမျိုးနဲ့တော့ လုံးဝကွာခြားပါတယ်။
ကိုယ်ဝန်ဖျက်ချတာကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံတွေ၊ နောက်ပြီး မြန်မာနိုင်ငံလို တစ်ချို့သောအခြေအနေတွေမှာတော့ လုပ်ခွင့်ပြုထားတဲ့ နိုင်ငံတွေမှာတော့ နည်းလမ်းနှစ်သွယ်နဲ့ ဆောင်ရွက်ကြပါတယ်။ ပထမတစ်ခုကတော့ ဆေးသောက်တာနဲ့ နောက်တစ်ခုကတော့ သန္ဓေသားအစိတ်အပိုင်းတွေကို ကိရိယာတွေအသုံးပြုပြီး ဖယ်ရှားတာ ဖြစ်ပါတယ်။
ငယ်ရွယ်တဲ့သူတွေအပါအဝင် အမျိုးသမီးတွေက အန္တရာယ်မရှိတဲ့ ကိုယ်ဝန်ဖျက်ချမှု (Safe abortion) တွေကို ဝန်ဆောင်မှု မရရှိတဲ့အခါမှာ အန္တရာယ်ရှိတဲ့နည်းလမ်းတွေ (unsafe abortion) နဲ့ပဲ ကြုံတွေ့ရပါတယ်။ ကိုယ်ဝန်ဖျက်ချဖို့ လိုအပ်တယ်လို့ထင်နေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တာက မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ် ဒါမှမဟုတ် သန္ဓေသားနဲ့ပတ်သက်လို့ တစ်ခုခုမှားယွင်းနေပြီး ကလေးမှာ ချို့ယွင်းချက် တစ်ခုခုရှိနေတယ်။ ချို့တဲ့မှုတွေ ရှိနေတဲ့ ဘဝမှာ ကလေးမလိုချင်သေးဘူး။ ကလေးထပ်ယူဖို့ နှစ်ယောက်လုံး မတတ်နိုင်ဘူး။ ကိုယ်ဝန်က အဓ္ဓမကျင့်ခံရတာကနေ ရလာတဲ့ ကိုယ်ဝန်ဖြစ်လို့ စသည်ဖြင့် အကြောင်းအရာတွေ အများကြီး ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာက လက်မထပ်ခင်အတူနေတာနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် လက်မထပ်ထားတဲ့အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရှိလာတဲ့အခါမှာ ပတ်ဝန်းကျင်က ရှုံ့ချပြောဆိုလာနိုင်တဲ့အတွက် ဖျက်ချဖို့ ကြိုးပမ်းကြခြင်းဖြစ်ပါတယ်။ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ သမီးရည်းစားဆက်ဆံရေး ဒါမှမဟုတ် အိမ်ထောင်သည်ဘဝမှာ အတူနေပြီး သားဆက်ခြားနည်းလမ်းသုံးတာ မအောင်မြင်ခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဝန်ဖျက်ချဖို့အတွက် စဉ်းစားတဲ့နေရာမှာ အကြောင်းပြချက်တွေ အများကြီးပဲ ရှိနေနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေရှိလဲ။
မြန်မာနိုင်ငံမှာတော့ ကိုယ်ဝန်ဆောင်မိခင်မှာ အသက်အန္တရာယ်ရှိနေခြင်း ဆိုတဲ့ အကြောင်းအချက်တစ်ခုကလွဲရင် ကျန်တဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဒီလိုမဟုတ်တဲ့ တခြားအခြေအနေတစ်ခုမှာ ပြုလုပ်ပေးလိုက်တဲ့သူတွေဟာ ထောင် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၁၀ ရာခိုင်နှုန်းက တရားမဝင်တဲ့ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေကြောင့် သေဆုံးနေရတာဖြစ်ပြီး၊ ဒီပမာဏထက်တောင်မှ တကယ့်လက်တွေ့မှာ များနေလိမ့်ဦးမယ်လို့ တချို့ပညာရှင်တွေက မှန်းဆကြပါတယ်။ ဒီလိုသန္ဓေသားဖယ်ရှားဖို့လုပ်တဲ့နေရာမှာ အန္တရာယ်ရှိတဲ့နည်းလမ်းတွေ သုံးနေခြင်းနဲ့ ဆေးဝါးကုသမှုဆိုင်ရာ ကျွမ်းကျင်မှုမရှိတဲ့ သူတွေက ဆောင်ရွက်ပေးနေခြင်းတို့ကြောင့် အမျိုးသမီးတွေသေဆုံးမှု ဖြစ်ပေါ်နေရတာလည်း ဖြစ်ပါတယ်။
နောက်ထပ်အကြောင်းအရာတစ်ခုကတော့ မြန်မာနိုင်ငံမှာ လိင်နဲ့ပတ်သက်တဲ့ကိစ္စတွေက ထိရှလွယ်ပြီး လိင်ပညာပေးလုပ်ငန်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာအရ စုံတွဲတွေဟာ လက်မထပ်ရသေးခင်မှာကိုပဲ ဆက်ဆံမှုတွေရှိနေပြီး၊ လိင်ဆက်ဆံမှုကတစ်ဆင့် နောက်ဆက်တွဲပြဿနာတွေ ပေါ်မလာအောင် ဘယ်လိုကာကွယ်သင့်တယ်ဆိုတဲ့ အသိပညာကိုတော့ လက်လှမ်းမမီကြ ဖြစ်နေတာကို တွေ့ရပါတယ်။ သားဆက်ခြားနည်းလမ်းတွေက လွယ်လွယ်ကူကူရရှိနေသော်လည်း အမျိုးသမီးအနည်းစုသာ မှန်မှန်ကန်ကန်နဲ့ ဘယ်လိုသုံးစွဲရမလဲဆိုတဲ့ အသိပညာရှိပြီး ငယ်ရွယ်သူအများစုကတော့ ဒီလိုသားဆက်ခြားနည်းလမ်းတွေ သုံးရတာကို ရှက်ရွံ့ခြင်းတွေ ရှိကြဆဲဖြစ်ပါတယ်။
တခြားနိုင်ငံတွေမှာတော့ သက်ငယ်ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကိုယ်ဝန်ဖျက်ချခြင်းတွေ လျော့နည်းသွားအောင် မျိုးဆက်ပွားကျန်းမာရေးအတွက် လုံလောက်တဲ့ ပညာပေးလုပ်ငန်းတွေ ပြုလုပ်ကြပါတယ်။ မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတတွေ ရလာတာနဲ့အမျှ ကိုယ်ရွေးချယ်နိုင်တဲ့ သားဆက်ခြားနည်းတွေကို ပိုမိုသိလာကြပြီး ဘေးကင်းလုံးခြုံတဲ့ ကာမဆက်ဆံရေးကို ပိုပြီး ရွေးချယ်နိုင်လာမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့အခါ အထောက်အကူပေးနိုင်တဲ့ ဆေးဝါးတွေအကြောင်း သိရှိထားခြင်းကလည်း ကိုယ်ဝန်ပျက်ကျလို့ မိခင်သေစေတဲ့ ရာခိုင်နှုန်းကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။
ပြည့်စုံကောင်းမွန်တဲ့ မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်းနဲ့ ထိရောက်တဲ့သားဆက်ခြားနည်းလမ်းတွေက အသက်အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေကို လျှော့ချပေးနိုင်တာ အမှန်ပဲဖြစ်ပါတယ်။ လုံးဝပပျောက်သွားအောင် မလုပ်နိုင်ပေမယ့်လို့ သိသာထင်ရှားတဲ့ အဆင့်တစ်ခုရောက်အောင်တော့ လျှော့ချပေးနိုင်ပြီး အမျိုးသမီးတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါလိမ့်မယ်။
Leave a Reply