အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းတလျှောက်လုံးမှာ ရာသီလာနေတုန်းအချိန်ထက် တခြားအချိန်မှာ လိင်ဆက်ဆံမှုရှိခဲ့မယ်ဆိုရင် ကိုယ်ဝန်ရနှုန်းမြင့်တယ်ဆိုပြီး လူအများက အကြမ်းဖျင်းတော့ သိကြပါတယ်။ တိတိကျကျပြောရမယ်ဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ ရာသီလာတဲ့ပထမရက်ကစပြီး နောက်တစ်ကြိမ်ရာသီလာတဲ့ပထမရက် အရှေ့ကြားကာလကို ရာသီစက်ဝန်းလို့ခေါ်ပြီး ပုံမှန်အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းကတော့ ၂၈ ရက်သက်တမ်းရှိပါတယ်။
ဘယ်အချိန်တွေမှာ ကိုယ်ဝန်ရနှုန်းမြင့်နိုင်လဲ?
အမျိုးသမီးတစ်ယောက်ဟာ မျိုးဉကြွေချိန်ဖြစ်တဲ့ ရာသီစက်ဝန်းအလယ်အချိန်အတိုင်းအတာမှာ လိင်ဆက်ဆံမှုရှိမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ပါတယ်။ ဒီသဘောကတော့ ရာသီလာပြီး ၇ရက်ကနေ ၁၉ ရက်အတွင်း မျိုးဉကြွေလေ့ရှိပြီး ကြွေပြီးသား မျိုးဉက ၁၂ နာရီကနေ ၂၄ နာရီအတွင်းပဲ ရှင်သန်နိုင်စွမ်းရှိပါတယ်။ ဒီအချိန်မှာ အတူနေမယ်ဆိုရင် အမျိုးသားဆီက သုတ်ပိုးနဲ့ မမျိုးဉ ပေါင်းစပ်ပြီး ကိုယ်ဝန်ရနိုင်တာပဲဖြစ်ပါတယ်။
၂၈ ရက်သက်တမ်း ရာသီစက်ဝန်းရှိတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ကတော့ သွေးဆင်းမှုရပ်တန့်သွားပြီး နောက်တစ်ပတ်အကြာမှာတောင် မျိုးဉမကြွေနိုင်သေးတဲ့အတွက် ရာသီလာတုန်း အတူနေမယ်ဆိုရင် ကိုယ်ဝန်မရနိုင်တာ သေချာသလောက်ရှိပါတယ်။ ဒါပေမယ့် ရာသီလာတုန်း လိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ အချက်ကတော့ အမျိုးသမီးအားလုံးအတွက် အကျုံးမဝင်ပါဘူး။ ဒီလို အကျုံးမဝင်ရတဲ့ အကြောင်းအရင်း (၃) ချက်ရှိပါတယ်။ ဒါတွေကတော့
(၁) အမျိုးသမီးတွေအားလုံးမှာ မတူညီတဲ့ ရာသီစက်ဝန်းရှိခြင်း
အမျိုးသမီး တစ်ဦးနဲ့ တစ်ဦး ရာသီစက်ဝန်းကာလက ၂၈ ရက်ကနေ ၃၈ ရက်အထိ ကွာခြားနိုင်ပြီး ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေက ရာသီစက်ဝန်းရှည်ကြာတဲ့ အမျိုးသမီးတွေထက် ရာသီလာချိန်နီးကပ်ပြီး မျိုးဉကြွေလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ရာသီစက်ဝန်းလဲ ကွာခြားမယ်… သားဉကြွေချိန်လဲ ကွာခြားနေမယ်ဆိုတဲ့အတွက် ကိုယ်ဝန်ရနိုင်ခြေရှိလား မရှိလား ဆိုတာ အတိအကျပြောဖို့ ခက်ခဲတာဖြစ်ပါတယ်။
(၂) မျိုးဉကြွေတဲ့ အချိန်ကာလ တစ်လ နဲ့ တစ်လ မတူညီနိုင်ခြင်း
ဒီအချက်ကတော့ ပုံမှန် ၂၈ ရက် ရာသီစက်ဝန်းရှိနေတဲ့ အမျိုးသမီးအနေနဲ့ဆိုရင်တောင် ဟော်မုန်းအပြောင်းအလဲ၊ ဘဝနေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှု စတာတွေကြောင့် ရာသီလာချိန် ရှေ့တိုး နောက်ဆုတ်ဖြစ်နိုင်ပါတယ်။ ရာသီလာချိန် ရှေ့တိုး နောက်ဆုတ် ဖြစ်လာပြီဆိုရင်တော့ မျိုးဉကြွေချိန်ကလဲ တူညီမှာ မဟုတ်တော့တဲ့အတွက် အခန့်မသင့်ရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်…
(၃) သုတ်ပိုးအသက်ရှင်နိုင်တဲ့ သက်တမ်း ကွဲပြားခြင်း
အမျိုးသားတွေရဲ့ သုတ်ပိုးဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တွင်းမှာ ၃ ရက် ကနေ ၅ ရက်အထိ ရှင်သန်နိုင်ပါတယ်။ ဆိုလိုချင်တာက အမျိုးသမီးတွေအနေနဲ့ မျိုးဉမကြွေခင် ၅ ရက်အလိုမှာ အမျိုးသားနဲ့ အတူနေဖြစ်သွားမယ်ဆိုရင်တောင် သုတ်ပိုးက အနည်းဆုံး ၃ ရက် ကနေ အများဆုံး ၅ ရက်အထိ ရှင်သန်နိုင်တဲ့အတွက် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
အကြံပြုချက်
ကိုယ်ဝန်တားဖို့အတွက် ရက်ရှောင်ပြီး အတူနေတာက သဘာဝအတိုင်း သားဆက်ခြားနည်းလမ်းဆိုပြီး လူတိုင်းပြောနေ ကြားဖူးနေကြဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရနိုင်တယ်… မရနိုင်ဘူးဆိုတာကို အတိအကျ မပြောနိုင် မရှောင်နိုင်တဲ့အတွက် အတူနေမယ်ဆိုရင် တိကျသေချာတဲ့ သားဆက်ခြားနည်းလမ်း တစ်မျိုးမျိုးကို သုံးဖို့ အကြံပြုချင်ပါတယ်။
Leave a Reply