
ဒီလိုကာမမုဆိုးတွေဟာ အွန်လိုင်းပေါ်မှာ၊ သင့်ရဲ့ အိမ်ပတ်ဝန်းကျင်တွေမှာ ရှင်းရှင်းပြောရရင် နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။ သူတို့ရဲ့ အဓိကပစ်မှတ်ကလဲ အသက်မပြည့်သေးသူ ဆယ်ကျော်သက်တွေနဲ့ လူငယ် လူရွယ်တွေ များပါတယ်။
ကာမမုဆိုးအများစုက သူတို့ ပစ်မှတ်ရဲ့ သွားလာလှုပ်ရှားမှုတွေ၊ နေပုံထိုင်ပုံတွေကို ခိုးကြောင်ခိုးဝှက် လူမသိ သူမသိ လေ့လာပြီးတော့မှ လှုပ်ရှားလေ့ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ နစ်နာသူအများစုက သူတို့တစ်ခါမှ မမြင်ဖူး မကြားဖူးသူဆီက အကြမ်းဖက်ခံရသူတွေများပါတယ်။ အပြင်လူတွေအနေနဲ့ ကာမမုဆိုးရဲ့ ပုံပန်းသဏ္ဌာန်ကို လိုက်ပြီး အပြင်ပန်းကြည့်ရုံနဲ့လဲ မသိနိုင်ပါဘူး။
ဒါကြောင့်မို့လို့ ဒီတခေါက်မှာတော့ သိလိုရာမေးကနေ လူငယ်တွေအတွက် ရုတ်တရက်ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ ကာမမုဆိုးက ကိုယ့်ကို ပစ်မှတ်ထားနေပြီ (ဒါမှမဟုတ်) အကြမ်းဖက်ခံရပြီဆိုရင် ပြင်ဆင်ထားလို့ရမယ့် နည်းလမ်းတွေကို ပြောပြလိုက်ပါတယ်။
(၁) သတိရှိရှိ နေထိုင်ပါ…
ဒါကတော့ မိန်းကလေးတွေသာမက ယောကျာ်းလေးတွေပါ ကိုယ့်အိမ်ကနေ တခြားတစ်နေရာရာကို သွားတော့မယ်ဆိုရင် လမ်းပေါ်မှာပဲဖြစ်ဖြစ်၊ ကားပေါ်မှာဖြစ်ဖြစ် သတိကြီးကြီးထားသင့်ပါတယ်။ တစ်ယောက်တည်းသွားတဲ့အခါမျိုးမှာ ကိုယ့်နောက်က နောက်ယောင်ခံလိုက်လာတဲ့ လူတွေရှိမရှိ သတိကပ်ထားပြီး မသင်္ကာတဲ့သူရှိခဲ့ရင် လမ်းပေါ်က လူတွေကို အကူညီတောင်းဖို့ မမေ့ပါနဲ့…
(၂) ခုခံဖို့ လက်နက်ဆောင်ပါ…
လက်နက်ဆိုတာနေရာမှာ ကတ်ကြေးတွေ၊ ဓားတွေကို အပင်ပန်းခံ သယ်သွားဖို့ပြောတာမဟုတ်ပါဘူး။ အကြမ်းဖက်သူနဲ့တွေ့တဲ့အခါမှာ ချက်ကောင်းကို ထိထိမိမိ အထိနာအောင်လုပ်ဖို့အတွက် အိတ်ဆောင်ဓားအသးစားတွေ၊ ငရုတ်စပရေးတွေ၊ ကျဉ်စက်လိုဟာမျိုးတွေကို ဆောင်သွားနိုင်ပါတယ်။
(၃) နည်းပညာကို ထိထိရောက်ရောက်အသုံးချပါ…
ဒါကတော့ ကိုယ်က အငှားကားပေါ်မှာပဲဖြစ်ဖြစ်၊ တစ်ခါမှမသွားဘူးတဲ့ နေရာတစ်ခုခုကို သွားတော့မယ်ဆိုရင် ကိုယ့်အိမ်က မိသားစုတွေ၊ သူငယ်ချင်းတွေကို ကြိုပြီး အကြောင်းကြားထားပါ။ ကားပေါ်မှာဆိုရင် ကိုယ်ရောက်နေတဲ့နေရာတွေကို တခြားလူတွေပါ သိနိုင်မယ့် Location Tracker Applicalion တွေကို အသုံးပြုပါ။ ကားပေါ်ရောက်ပြီဆိုတာနဲ့ ကားနံပါတ်ကို မိသားစုတွေဆီကို SMS ပို့ထားမျိုး၊ ညကြီးမိုးချုပ် တစ်ယောက်တည်း ကားငှားစီးရမယ်ဆိုရင် ခရီးစဉ်တစ်လျှောက်လုံး ကိုယ်ဘယ်ရောက်နေလဲဆိုတာ ဖုန်းဆက်ပြီး ပြောနေလို့လဲ ရပါသေးတယ်။
(၄) ပြဿနာကို ဖွင့်ဟတိုင်ပင်ပါ…
ဒါကတော့ လူငယ်တွေအနေနဲ့ အွန်လိုင်းပေါ်မှာ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်တဲ့သူရှိနေပြီဆိုရင် တစ်ယောက်တည်း ကြိတ်မဖြေရှင်းပါနဲ့။ ကိုယ်နဲ့ နီးစပ်တဲ့ မိသားစုကို ဖွင့်ဟတိုင်ပင်ပါ။ ဆိုးဆိုးရွားရွားအခြေအနေဖြစ်လာခဲ့ရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး ဉပဒေအရ ဖြေရှင်းသင့်ပါတယ်။ ပြီးတော့ နောက်တစ်ခုက အွန်လိုင်းပေါ်ကနေ လိမ်လည်အယုံသွင်း၊ အပြင်မှာချိန်းပြီး ကာမလိမ်လည်ရယူသူတွေရှိနေတဲ့အတွက် အမျိုးသမီးငယ်လေးတွေအနေနဲ့ အွန်လိုင်းပေါ်က လူအားလုံးကို မယုံသင့်ပါဘူး။ မိဘတွေအနေနဲ့လဲ ကိုယ့်သားသမီးက အသက်မပြည့်သေးသူဆိုရင်လဲ အွန်လိုင်း၊ အင်တာနက် အသုံးပြုတာတွေကို အထူးကြပ်မတ်စောင့်ကြည့်သင့်ပါတယ်။
Leave a Reply