ဟိုမုန်းပါသားဆက်ခြားဆေးတွေ ပေါ်တာ နှစ် ၅၀ လောက်ရှိပြီဖြစ်ပြီး အသုံးပြုသူ အမျိုးသမီးတွေအတွက် ဘေးထွက်ဆိုးကျိုးကို တတ်နိုင်သမျှနည်းအောင် တီထွင်ဖန်တီးလာကြပါတယ်။ မည်သို့ပင်ဖြစ်စေ ဟိုမုန်းပါတဲ့သားဆက်ခြားနည်းလမ်းတွေ သုံးတာက ကင်ဆာဖြစ်စေသလားဆိုတာကိုတော့ ဆရာဝန်တွေက ဆက်လက်ရှာဖွေဖော်ထုတ်နေပါတယ်။
သုတေသနစစ်တမ်းအသစ်တစ်ခုကတော့ ရင်သားကင်ဆာနဲ့ ဟိုမုန်းပါသားဆက်ခြားဆေးတွေက ချိတ်ဆက်မှု ရှိတယ်လို့ ဆိုထားပါတယ်။
အင်္ဂလန်မှာရှိတဲ့ ဆေးပညာဂျာနယ်တစ်ဆောင်မှာတော့ ဟိုမုန်းပါတဲ့သားဆက်ခြားနည်းလမ်းတွေဖြစ်တဲ့ ထိုးဆေး၊ နေ့စဉ်သောက်ဆေး၊ လက်မောင်းထဲထိုးသွင်းတဲ့ပစ္စည်း တွေသုံးတဲ့အမျိုးသမီးတွေက မသုံးတဲ့သူတွေနဲ့ ထက်စာရင် ရင်သားကင်ဆာဖြစ်ပွားနိုင်မှု အနည်းငယ်ပိုများတယ်လို့ ဆိုပါတယ်။
ဒိန်းမတ်အမျိုးသမီး ၁.၈ သိန်းကို ၁၀ နှစ်ကြာလေ့လာချက်အရ တစ်နှစ်လျှင် ဟိုမုန်းပါသားဆက်ခြားနည်းသုံးတဲ့အမျိုးသမီး တစ်သိန်းမှာ ၁၃ ယောက် ကင်ဆာဖြစ်နိုင်ချေပိုရှိတာကို တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီး အယောက် ၁ သိန်းကို နှစ်အလိုက် လေ့လာချက်အရ တစ်နှစ်အတွင်း ဟိုမုန်းပါသားဆက်ခြားနည်းလမ်းသုံးသူနှင့် မသုံးသူအကြား ရင်သားကင်ဆာဖြစ်ပွားမှုအရေအတွက်မှာ ၅၅ ယောက်နှင့် ၆၈ ယောက်ရှိတာကို တွေ့ရှိခဲ့ပါတယ်။ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကို ရာခိုင်နှုန်းအလိုက်ပြောရရင်တော့ ဟိုမုန်းနည်းလမ်းမသုံးသူ ဝ.၀၅ ရာခိုင်နှုန်းနှင့် ဟိုမုန်းပါသားဆက်ခြားနည်းလမ်းသုံးသူ ဝ.၀၆၈ ရာခိုင်နှုန်းရှိပါတယ်။
သောက်ဆေး၊ ထိုးဆေးနဲ့ လက်မောင်းထဲထည့်တဲ့နည်းလမ်းတွေ အကုန်တူတူပဲလား။
ဟိုမုန်းပါတဲ့ IUD (မြန်မာနိုင်ငံမှာ မရရှိသေးပါ)
အသုံးပြုတဲ့အမျိုးသမီးတွေမှာလဲ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေရှိတယ်လို့ သုတေသနပြုလုပ်သူတွေက ဆိုထားပြီး ထိုးဆေးနဲ့ လက်မောင်းတွင်းထိုးသွင်းတဲ့သားဆက်ခြားနည်းလမ်းတွေကိုတော့ မပြောနိုင်သေးဘူးဆိုတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ထိုးဆေးနဲ့ လက်မောင်းတွင်းထိုးသွင်းတဲ့သားဆက်ခြားနည်းလမ်းတွေကို နှစ်ရှည်လများ အသုံးပြုသူနည်းတဲ့အတွက် ဒီနည်းလမ်းတွေက ရင်သားကင်ဆာဖြစ်စေနိုင်သလားဆိုတာ တိတိကျကျ မပြောနိုင်သေးတာပဲ ဖြစ်ပါတယ်။ မှတ်ထားဖို့လိုတာက ပုံမှန်ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေ၊ အရက်အလွန်အကျွံသောက်တဲ့သူတွေနဲ့ အဝလွန်တဲ့သူတွေလဲ ရင်သာကင်ဆာဖြစ်နိုင်ချေရှိတယ်ဆိုတာပါ။ တချို့ဟိုမုန်းပါသားဆက်ခြားနည်းလမ်းတွေက ကင်ဆာတစ်ချို့ကို ကာကွယ်ပေးနိုင်ပါသေးတယ်။
ရင်သားကင်ဆာ (ဖြစ်နိုင်ချေ အနည်းငယ်ပိုများ)
သင်အနေနဲ့ ဟိုမုန်းပါသားဆက်ခြားသောက်ဆေးကို နှစ်ရှည်စွဲသုံးခဲ့တယ်ဆိုရင်တော့ သာမန်လူတွေထက်စာရင် ရင်သားကင်ဆာဖြစ်နိုင်ချေ အနည်းငယ်ပိုများတယ်လို့ အကြမ်းဖျင်း ဆိုလို့ရပါတယ်။ ဒါက အီစတိုဂျင် ဒါမှမဟုတ် ပရိုဂျက်စတုန်း တွေကြောင့်လားဆိုတာတော့ သုတေသနသများတွေက အသေအချာ မပြောနိုင်သေးပါဘူး။ တချို့သုတေသနတွေက အီစတိုဂျင်ဟိုမုန်းပါတဲ့ သားဆက်ခြားဆေးတွေ အများကြီးသုံးတာက ရင်သားကင်ဆာဖြစ်နိုင်ချေပိုများတယ်ဆိုပြီး တချို့စစ်တမ်းတွေကတော့ ပရိုဂျက်စတုန်းပါတဲ့ ထိုးဆေးက ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုကြပြန်ပါတယ်။ မည်သို့ပင်ဖြစ်စေ ရင်သားကင်ဆာဖြစ်နိုင်တဲ့ အခြေအနေတွေက တခြားအချက်တွေအပေါ်မှာလဲ မူတည်နေပါသေးတယ်။ အမျိုးသမီးတွေရဲ့ သဘာဝအလျှောက်ဖြစ်တဲ့ မူမမှန်တဲ့ ဟိုမုန်းပြောင်းလဲမှု အခြေအနေများ ဥပမာ – အသက်ငယ်ငယ်လေးနဲ့ ရာသီလာတာ၊ အသက်အလွန်ကြီးမှာ သွေးဆုံးတာ၊ အသက်ကြီးမှ ကိုယ်ဝန်ဆောင်တာ၊ ကလေးလုံးဝမရှိသေးတာနဲ့ မိသားစုမှာ ရင်သားကင်ဆာဖြစ်ဖူးတဲ့ ရာဇဝင်ရှိတာ စတဲ့အချက်တွေကလည်း သာမန်လူတွေထက်စာရင် ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။
အသက် ၄၀ ကျော်အမျိုးသမီးများအနေနဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချနိုင်ဖို့အတွက် ဟိုမုန်းကင်းလွတ်တဲ့ သားဆက်ခြားနည်းလမ်းတွေ ဥပမာ – ကြေးနီ IUD ၊ ကွန်ဒုံး စတဲ့ ဟိုမုန်းကင်းလွတ်တဲ့ သားဆက်ခြားနည်းလမ်းတွေကို ရွေးချယ်နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ (ဖြစ်နိုင်ချေအနည်းငယ်ပိုများ)
သားဆက်ခြားသောက်ဆေးကို ၅ နှစ်အထက်သုံးခဲ့တဲ့သူတွေက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ အနည်းငယ် ပိုများတာကို တွေ့ရပါတယ်။ ဆေးသုံးတာရပ်လိုက်တာနဲ့ ဖြစ်နိုင်ချေပိုနည်းသွားပါတယ်။ မည်သို့ပင်ဖြစ်စေ သားအိမ်ခေါင်းကင်ဆာက HPV ပိုးကြောင့်ဖြစ်နိုင်ချေပိုများပြီး ဒီပိုးက လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် HPV ပိုးရှိမရှိ ပုံမှန်စစ်ဆေးတာနဲ့ ဟိုမုန်းကင်းလွတ်တဲ့သားဆက်ခြားနည်းလမ်းပြောင်းသုံးတာမျိုးက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ လျှော့ချပေးနိုင်ပါလိမ့်မယ်။
Endometrial cancer (ဖြစ်နိုင်ချေ လျှော့ချပေး)
အီစတိုဂျင်နဲ့ ပရိုဂျက်စတုန်းနှစ်မျိုးပါတဲ့ ဟိုမုန်းဆေးတွေက ဒီရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ အသုံးပြုတာကြာလေလေ ပိုပြီးလျှော့ချပေးလေဖြစ်ပါတယ်။ IUD အသုံးပြုခြင်းဖြင့်လဲ လျှော့ချပေးနိုင်ပါတယ်။
သားဥအိမ်ကင်ဆာ (ဖြစ်နိုင်ချေလျှော့ချပေး)
ပရိုဂျက်စတင်းနဲ့ အီစတိုဂျင်ပါတဲ့ ဟိုမုန်းဆေးကို ၃ လကနေ ၆ လလောက် သုံးစွဲတာနဲ့ သားဥအိမ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ အသုံးပြုတာ ကြာလေလေ ကင်ဆာဖြစ်နိုင်ချေပိုပြီး လျှော့ချပေးနိုင်လေလေဖြစ်ပါတယ်။ သားဆက်ခြားထိုးဆေးကို အသုံးပြုခြင်းကလည်း ကာကွယ်ပေးနိုင်ပါတယ်။
ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုးတွေလည်း ရှိတယ်။
ဟိုမုန်းပါသားဆက်ခြားနည်းလမ်းတွေ သိပ်ပြီး စွဲမသုံးရင် သားအိမ်ခေါင်းကင်ဆာနဲ့ colon ကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ တဆက်တည်းမှာ အသုံးပြုတဲ့သူတွေကို endometriosis၊ Polycystic Ovary Syndrome နဲ့ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း ဝေဒနာများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Pelvic Inflammatory Disease ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
အကောင်းဆုံးကတော့ သားဆက်ခြားနည်းလမ်းတွေသုံးတော့မယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပါ။ ရွေးစရာ နည်းလမ်းတွေ အများကြီး ရှိတာကို သတိရပါ။ ကင်ဆာဖြစ်နိုင်တယ်ဆိုတာ ဒီဆေးတွေတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဟိုမုန်းပါသားဆက်ခြားဆေးတွေက ကျန်းမာရေးအတွက် အထောက်အကူပေးတဲ့အချက်တွေအများကြီးရှိသလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။ အရေးကြီးတာက သင်နဲ့လိုက်ဖက်မယ့် သားဆက်ခြားနည်းလမ်းကို ရွေးချယ်နိုင်ဖို့ပဲ လိုပါတယ်။
Leave a Reply