မိန်းကလေးတွေပြီးတယ်ဆိုတဲ့အကြောင်း နဲနဲရှင်းပြပေးပါဆရာ

Posted by

ဒီကိစ္စကလည်း ကျုပ်တို့နိုင်ငံလို လိင်ကိစ္စနဲ့ ပတ်သက်လာရင် အရှက်အကြောက် သိပ်ကြီးတဲ့ ဒေသမျိုးမှာ နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ် အမေးများနေဦးမှာ ကာလအတော်ကြာနေဦးမှာပဲ။

 

သေချာစဉ်းစားကြည့်မယ်ဆိုရင် လူသားတိုင်းဟာ လိင်ကိစ္စကြောင့် မွေးဖွားအသက်ဝင်လာကြသူတွေ မဟုတ်လားဗျာ။ အတိုင်းအတာတစ်ခုတော့ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ရှက်ကြောက်သင့်ပေမယ့် sex education ဆိုတဲ့ လိင်ပညာပေးဆိုတဲ့ကိစ္စဟာလည်း သိသင့်သိထိုက်တဲ့အရွယ်မှာ နားလည်ဖို့လိုအပ်တဲ့ကိစ္စပါ။ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတို့ဟာလည်း တစ်ကိုယ်ရေအာသာဖြေတဲ့အခါ (သို့) လိင်ဆက်ဆံတဲ့အခါ ကြုံလာမယ့် အထွဋ်အထိတ်ရောက်တဲ့ကိစ္စ .. အလွယ်ခေါ်ရင် ပြီးတယ်ဆိုတာရယ်၊ ပြီးဖို့ ခက်တာရယ်နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ဒေါက်တာဒိက အလင်းပြလိုက်ပါတယ်။

 

ပြီးသွားတယ်ဆိုတာကို အလွယ်ပြောရင် တစ်ကိုယ်ရေအာသာဖြေရင်း (ဒါမှမဟုတ်) လိင်ဆက်ဆံရင်း လိင်စိတ်ထကြွမှု အဆုံးစွန်ရောက်ပြီး ကျေနပ်ပျော်ရွှင်သွားတာလို့ ဆိုရမှာပါ။ ဒီနေရာမှာ ပြောစရာရှိတာက ယောက်ျားလေးတွေပြီးရင် သုက်ရည်ထွက်လာတာနဲ့ သိသာပေမယ့် မိန်းကလေးတွေမှာတော့ အဲ့လို တူညီတဲ့အချက်က တင်ပါးဆုံကွင်းကြွက်သားတွေ တောင့်တင်းသွားတာမျိုးပဲ ရှိပါတယ်။ ယောနိအင်္ဂါက အရည်စိမ့်ထွက်ခြင်း၊ ပန်းထွက်ခြင်းတွေလိုမျိုး မိန်းကလေးတွေ တစ်ဦးနဲ့ တစ်ဦး မတူတဲ့ ပြီးမြောက်ခြင်းတွေ ရှိပါတယ်။ အာသာဖြေတဲ့အခါဖြစ်ဖြစ် (ဒါမှမဟုတ်) အမျိုးသားနဲ့ လိင်ဆက်ဆံတဲ့အခါဖြစ်ဖြစ် မိန်းကလေးတွေ လိင်ဆန္ဒပြည့်ဝဖို့ အခက်အခဲဖြစ်နေတာကို ဆေးပညာအခေါ်အရ Anorgasmia လို့ ခေါ်ပါတယ်။ ဘာကြောင့်  Anorgasmia ဖြစ်နေရလဲ အကြမ်းအားဖြင့် လေ့လာကြည့်တဲ့အခါ ဆီးချို၊ သွေးတိုး၊ နှလုံးနဲ့ အာရုံကြောရောဂါတွေလို နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူဖြစ်ပြီး ဆေးကုသမှုခံယူနေရတဲ့အခါ အရာရာကို အလိုမကျမှုတွေ ဖြစ်လာတတ်ပါတယ်။ အဲ့ဒါရဲ့ အကျိုးဆက်က လိင်ဆက်ဆံတဲ့အခါမှာ ဆန္ဒပြည့်ဝဖို့ ခက်ခဲတာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ သွေးထိန်းဆေး၊ စိတ်ကျရောဂါကာကွယ်ဆေး၊ ဓာတ်မတည့်တာကို ကာကွယ်တဲ့ဆေး စတာတွေကို သောက်သုံးနေရရင်လည်း လိင်ဆက်ဆံတဲ့အခါ မပြီးဘူးဆိုတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ နောက်တစ်ချက်က ဆေးလိပ်နဲ့ အရက်သောက်သုံးသူတွေက မသောက်တဲ့သူတွေနဲ့ ယှဉ်ရင် Anorgasmia ပိုဖြစ်တယ်ဆိုတဲ့ အချက်တစ်ခုကလည်း ရှိပါသေးတယ်။ လင်နဲ့ မယားကြားက စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေတို့ အဆင်မပြေမှုတွေ ရှိတာကလည်း လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးဘက်က မပြီးတာတွေနဲ့ ကြုံရတတ်ပါတယ်။ အမျိုးသမီးတွေ ဆန္ဒမပြည့်ဝရတဲ့ ပြဿနာကို ရောဂါတစ်ခုကုသလို ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘာဆေးသောက် ဆိုပြီး အလွယ်လမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ သူမမှာ ဘယ်အရာတွေက လိင်ဆန္ဒပြည့်ဝဖို့ တားဆီးနေသလဲဆိုတဲ့အချက်တွေကို အရင်သိအောင်လုပ်ရမှာပါ။ အမျိုးသမီးတွေအတွက် လိင်ဆန္ဒပြည့်ဝဖို့ အလွယ်ဆုံးနည်းလမ်းက အမျိုးသားတို့ပါပဲ။ အမျိုးသားတို့အနေနဲ့ လိင်ဆက်ဆံချိန်မှာ ဆက်ဆံမယ့်သူ အမျိုးသမီးရဲ့အကြိုက်ကို လိုက်ပြီး သူပျော်ဖို့ မမေ့မလျော့ ဆောင်ရွက်တာမျိုး လုပ်ဆောင်ပေးရပါမယ်။ ပြောရရင် လိင်မဆက်ဆံခင် နှိုးဆွတဲ့ Foreplay အဆင့်ကို စိတ်ရှည်လက်ရှည် ဆောင်ရွက်ပေးတာမျိုးကနေ လိင်ဆက်ဆံရာမှာ သူ့အကြိုက် ကိုယ့်အကြိုက် ပွင့်ပွင့်လင်းလင်းပြောဆိုပြီး သူရောကိုယ်ပါ ပြီးမြောက်ဖို့ ကြိုးပမ်းရပါမယ်။ တကယ်လို့ အဲ့ဒါတွေကို လုပ်နေရက်နဲ့ အမျိုးသမီးဘက်က လိင်ဆန္ဒ မပြည့်ဝဘူးဆိုရင် ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်သင့်ပါတယ်။ ကိုယ့်အိမ်ထောင်ရေးကိစ္စမို့ဆိုပြီး ရှက်ကြောက်မနေသင့်ပါဘူး။ လင်မယားနှစ်ယောက်နဲ့ ဆရာဝန်တို့ ဆွေးနွေးပြောဆိုတာမျိုးကနေ Sex Therapy ကုထုံးခံယူတာတွေအထိ ဆောင်ရွက်မယ်ဆိုရင် အမျိုးသမီးတို့ရဲ့ လိင်ဆန္ဒမပြည့်ဝတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်လို့ ဒေါက်တာဒိက ဆိုလိုက်ပါရစေဗျာ …

Leave a Reply

Your email address will not be published. Required fields are marked *