,

မူမမှန်တဲ့ရာသီစက်ဝန်းအကြောင်း သိကောင်းစရာများ

Posted by

အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းက အမြဲတမ်း အချိန်မှန်နေတတ်တာမျိုးမဟုတ်ပါဘူး။ တချို့အမျိုးသမီးတွေက ၂၈ ရက်တစ်ကြိမ် ပုံမှန်ရာသီလာတတ်ကြပေမယ့် တချို့တွေအတွက်တော့ ခန့်မှန်းလို့မရနိုင်ပါဘူး။ ဒီလိုရာသီမမှန်တဲ့အခါမှာ စိုးရမ်စရာမလိုဘူးဆိုပင်မယ့် တခါတလေမှာတော့ မျိုးဆက်ပွားကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။

ကဲ ဒါဆိုရင် ဘယ်အချိန်မှာ ရာသီက ပုံမှန်မဟုတ်သလဲ ဆိုတာ ကြည့်ရအောင်ပါ။
ယေဘုယျအားဖြင့် ပုံမှန်အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းက ၂၈ ရက်တစ်ကြိမ်ဖြစ်ပြီး ၂၁ ရက် ဒါမှမဟုတ် ၃၅ ရက်လောက်ထိ အပြောင်းအလဲ ရှိနိုင်ပါတယ်။ အပျိုဖော်ဝင်တဲ့အရွယ် ပထမဆုံးရာသီစလာတဲ့ အမျိုးသမီးတွေမှာတော့ ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းမှု ရှိတတ်ကြပြီး အသက်ရလာတာနဲ့အမျှ ပုံမှန်ဖြစ်လာတဲ့အပြင် ရာသီစက်ဝန်း အပိုင်းအခြားကလည်း တစ်လနဲ့တစ်လအကြား အချိန်မှန်လာတတ်ကြပါတယ်။ ပုံမှန်အားဖြင့် သွေးဆင်းတဲ့ရက်တွေက ၂ ရက်ကနေ ၇ ရက်အထိဖြစ်ပြီး ပျမ်းမျှအားဖြင့်တော့ ၅ ရက်လောက်ကြာတတ်ပါတယ်။
တကယ်လို့ ၂၁ ရက်မတိုင်မီ နောက်တစ်ကြိမ် ရာသီပြန်လာခြင်း၊ ၃၅ ရက်ထက်ပိုပြီး ကြာသွားတဲ့အထိ ရာသီပြန်မပေါ်ခြင်း၊ ဒါမှမဟုတ် ၇ ရက်ကျော် ရာသီသွေးဆင်းနေခြင်းတွေ ရှိနေရင်တော့ သင့်မှာ မူမမှန်တဲ့ ရာသီစက်ဝန်း ရှိနေတာ အသေအချာပါပဲ။ နောက်ပြီး ရာသီထိန်ခြင်း၊ သွေးဆင်းများခြင်း၊ နည်းခြင်း၊ တစ်စက်နှစ်စက်ဆင်းခြင်းတွေကလည်း မူမမှန်တဲ့ရာသီစက်ဝန်းရဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။
အဲဒီလို ကိုယ့်ရဲ့ ရာသီစက်ဝန်း ပုံမှန်ဟုတ်မဟုတ်ကို သိနိုင်ဖို့ နောက်ဆုံးသွေးဆင်းခဲ့တဲ့ရက်ကို မှတ်ပြီး နောက်တစ်လမှာ ပထမဦးဆုံး သွေးပြန်ဆင်းတဲ့ရက်ကိုမှတ်ပါ။ ယခုမှတ်သားထားတဲ့ ရက်(၂)ရက်အကြား ရက်အပိုင်းအခြားက မိမိရာသီစက်ဝန်းတစ်ခုရဲ့ ကြာမြင့်ချိန်ဖြစ်ပါတယ်။ အဲဒီလိုမျိုး ၃ လ ဆက်တိုက် အနည်းဆုံး မှတ်သားထားပါ။ ရရှိလာတဲ့ ကြားထဲက ရက်တွေက မိမိရာသီစက်ဝန်းတစ်ခုရဲ့ ကြာမြင့်ချိန်ဖြစ်လို့ ဒီရက်တွေ အလွန်အမင်းကွာဟနေမယ်ဆိုရင် သင့်မှာ မူမမှန်တဲ့ ရာသီစက်ဝန်းရှိတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။

ဘာလို့ မူမမှန်သွေးဆင်းရပါသလဲ ?
မူမမှန်သွေးဆင်းတယ်ဆိုတာ စိတ်ဖိစီးမှုနဲ့ တခြားသော နောက်ခံကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပြီး ဖြစ်ပွားတတ်ပါတယ်။ ဒီအချက်တွေကို ဒီမှာဖော်ပြထားပါတယ်။

(၁) အပျိုဖော်ဝင်ခြင်းနှင့် သွေးဆုံးခြင်း
သွေးမဆုံးမီ ၅ နှစ် နှင့် အပျိုဖော်ဝင်ပြီး ၅ နှစ်မှာတော့ ဟိုမုန်းအချိုးမညီမျှတတ်ကြလို့ ရာသီသွေးလည်းပုံမှန်မဟုတ်တတ်ကြပါဘူး။ ရာသီစက်ဝန်းက တစ်လနဲ့တစ်လ တိုတာသော်လည်းကောင်း ရှည်တာသော်လည်းကောင်း ဖြစ်တတ်ပြီး သွေးဆင်းများခြင်း နည်းခြင်း အမျိုးမျိုးဖြစ်တတ်ပါတယ်။

(၂) သားဆက်ခြားနည်းလမ်းများ
သားဆက်ခြားနည်းလမ်းတွေ စတင်အသုံးပြုတာနဲ့ သင့်ရာသီစက်ဝန်းကလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ သားဆက်ခြားသောက်ဆေးတွေက သွေးဆင်းနည်းခြင်း၊ ရာသီထိန်ခြင်း ဒါမှမဟုတ် ရာသီသွေးခဏခဏပေါ်ခြင်းများ ဖြစ်စေပါတယ်။ သားဆက်ခြားထိုးဆေးကတော့ ရာသီသွေးမပေါ်တာမျိုးဖြစ်စေပါတယ်။ သားအိမ်ထဲထည့်ရတဲ့ ကြေးနီ IUD ကတော့ သွေးဆင်းများတတ်ပါတယ်။ နောက်ပြီး သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုတာရပ်လိုက်ရင်လည်း အစပိုင်းမှာ ရာသီမမှန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ သားဆက်ခြားနည်းလမ်းတွေသုံးတာ ရပ်လိုက်တဲ့ တချို့အမျိုးသမီးတွေအတွက် ၆ လ ကျော်လောက် ရာသီမမှန်ခြင်း၊ ထိန်ခြင်းများ ဖြစ်တတ်ပါတယ်။

(၃) ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးနို့တိုက်ခြင်း
ရာသီသွေးမဆင်းတာက ကိုယ်ဝန်ရှိနေလို့လည်းဖြစ်နိုင်ပါတယ် (အထူူးသဖြင့် အကာအကွယ်မဲ့ ဆက်ဆံအပြီး)။ ကလေးမွေးထားတဲ့ နို့တိုက်မိခင်တွေအတွက် မိမိကလေးနို့ချိုတိုက်ကျွေးနေခြင်းက ရာသီသွေးပြန်ဆင်းဖို့ နှောင့်နှေးစေတတ်ပါတယ်။

(၄) လူနေမှုဘဝပုံစံများ
စိတ်ဖိစီးမှု၊ ရုတ်တရက် ကိုယ်အလေးချိန် အလွန်အမင်းတိုးလာခြင်း၊ ကျသွားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း၊ ခရီးသွားနေရခြင်း၊ ဖျားနာခြင်း စတဲ့ နေ့စဉ်အပြုအမူတွေက ရာသီစက်ဝန်းအပေါ် သက်ရောက်မှုရှိပါတယ်။

(၅) Polycystic ovary syndrome (PCOS)
ဒီရောဂါဖြစ်နေမယ်ဆိုရင် အဲဒီအမျိုးသမီးရဲ့ သားအိမ်ကနေ အန်ဒရိုဂျင် (ကျားဟိုမုန်း) ပမာဏ များစွာ ထုတ်ပေးနေတဲ့အတွက် သားဥအိမ်မှာ အိတ်ငယ်လေးတွေဖြစ်စေပါတယ်။ အဲဒီလို ဟိုမုန်းအပြောင်းအလဲတွေကြောင့် မမျိုးဥ ထုတ်ပေးတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေပြီး ရာသီသွေးမမှန်စေတတ်ပါဘူး။ PCOS အကြောင်းဖတ်လိုလျှင် ဒီမှာနှိပ်ပါ။

(၆) သိုင်းရိုက်ဝ်ဂလင်း
ဒါကတော့ ဖြစ်ခဲ့တဲ့အရာတစ်ခုပါ။ သိုင်းရိုက်ဝ်ဂလင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကာမဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သိုင်းရိုက်ဝ်ဟိုမုန်းပမာဏ အလွန်များနေခြင်း (သို့) နည်းနေခြင်းကလည်း မူမမှန်တဲ့ရာသီစက်ဝန်းကို ဖြစ်ပွားစေပါတယ်။

(၇) အခြားအကြောင်းအရာများ
ဖော်ပြပါ အကြောင်းအရာများအပြင် သားအိမ်ခေါင်းကင်ဆာ၊ ကိုယ်ဝန်ဆောင်ဆေးများ၊ လိင်မှတဆင့်ကူးစက်ရောဂါများ၊ အဝလွန်ခြင်း၊ သားအိမ်တွင် အလံုံးတည်ခြင်း (uterine fibroids) သို့မဟုတ် သားအိမ်အတွင်းသားနံရံများ ပုံမမှန်ပွါးခြင်း (endometriosis) ရောဂါများ ရှိနေခြင်းကလည်း ရာသီစက်ဝန်းအပေါ် အပြောင်းအလဲဖြစ်စေပါတယ်။

ဒါဆိုရင် မူမမှန်သွေးဆင်းလာခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆက်ပြောပါမယ်။
မူမမှန်သွေးဆင်းတာကို ကုသဖို့ မလိုအပ်ပေမယ့် ဘာကြောင့် ဖြစ်ပွားစေတာလဲ ဆိုတဲ့ နောက်ခံအခြေအနေတွေအပေါ်မှာ မူတည်ပြီး ကုသမှု ခံယူရနိုင်ပါတယ်။ တကယ်လို့ ခုလို အခြေအနေတွေ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြသသင့်ပါတယ်။
• လိင်ဆက်ဆံပြီးချိန်နှင့် ရာသီစက်ဝန်းများအကြား သွေးမကြာခဏ (သို့) တစ်စက်နှစ်စက်ဆင်းခြင်း
• ဓမ္မတာဆင်းချိန်မှာ ပြင်းထန်စွာ နာကျင်ကိုက်ခဲနေခြင်း
• သွေးဆင်းများခြင်း (အမျိုးသမီးလစဉ်သုံးပစ္စည်းကို တစ်နာရီခြားတခါလဲလှယ်နေရခြင်း)
• အဝတ်နှင့် အိပ်ယာခင်းများတွင် သွေးစွန်းနေခြင်း
• ရာသီလာချိန် ၇ ရက်ကျော်ခြင်း
• ရာသီပုံမှန်လာနေရာက ပုံမှန်မဟုတ်တော့ခြင်း

တကယ်လို့ သားဆက်ခြားနည်းလမ်းတွေသုံးတဲ့သူဖြစ်တယ်ဆိုရင် တခြားနည်းလမ်းများ ရွေးချယ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ နောက်ပြီး ဘာကြောင့် ဓမ္မတာမမှန်သလဲဆိုတဲ့ နောက်ခံကျန်းမာရေးအခြေအနေကို မိမိကိုယ်တိုင် ခြေရာခံဖို့ လိုပါလိမ့်မယ်။

ဓမ္မတာမမှန်လို့ သင့်ရဲ့ နေ့စဉ်ဘဝတွေမှာ ခက်ခဲနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာမမှန်ဘူးဆိုတာ ဖြစ်နေကျဖြစ်တာကြောင့် စိတ်ပူစရာမလိုတာမှန်ပေမယ့် နောက်ခံအကြောင်းအရင်းများစွာ ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုရခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *