အချစ်ရေးနဲ့ လိင်ကိစ္စဆက်စပ်မှု ရှိလား

Posted by

လူရယ်လို့ ဖြစ်လာပြီဆိုရင် ဆန့်ကျင်ဘက်လိင်အချင်းချင်းဘဲဖြစ်ဖြစ် လိင်တူပဲဖြစ်ဖြစ် တွေ့ကြ ဆုံကြ ချစ်ကြိုက်ကြတဲ့အခါမျိုးမှာတော့ အချစ်နဲ့တူတူ ဒွန်တွဲလာတာတစ်ခုကတော့ လိင်ကိစ္စပါ။ အိမ်ထောင်သည်တွေအတွက် လက်ထပ်ပြီး အချစ်နဲ့လိင်မှုကိစ္စ ဒွန်တွဲတာမျိုးက ဘာမှမထူးဆန်းပေမယ့် သမီးရည်းစားစုံတွဲတွေအတွက်တော့ အချစ်နဲ့လိင်ကိစ္စကြားက ဆက်စပ်မှုက မေးခွန်းထုတ်စရာကိစ္စတစ်ခု ဖြစ်လာတာတော့ အမှန်ပါပဲ။

ခုခေတ် လူငယ်လူရွယ်စုံတွဲတွေကြားမှာတော့ သမီးရည်းစားဖြစ်ပြီဆိုတာနဲ့ အတူနေလိုက်ကြတဲ့ကိစ္စမျိုးက ထူးဆန်းတာတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် အချစ်က သက်သက်၊ လိင်ကိစ္စက သက်သက် တခြားစီပါပဲ။ ဒါက ရိုးရိုးသားသားနဲ့ ချစ်သူရည်းစားဘဝကို ပုံမှန်ဖြတ်သန်းနေတဲ့ အတွဲတွေရှိနေတာက သက်သေပါပဲ။

အချစ်ဆိုတာက ခံစားချက်တစ်မျိုးဖြစ်ပြီး လိင်ကိစ္စဆိုတာကတော့ အချစ်မပါလဲ ပြုလုပ်လို့ရနိုင်တဲ့ ကိစ္စတစ်ခုပါ။ ရှင်းရှင်းလင်းလင်းပြောရရင် လိင်ကိစ္စဆိုတာ လက်ခုပ်နှစ်ဖက်တီးမှ မြည်သလိုမျိုးပဲ ယောကျာ်းရော မိန်းမပါ စိတ်ပါမှ အရာရောက်မယ့်ကိစ္စပါ။ ဒီတော့ ချစ်သူနှစ်ဦးမှာ ယောကျာ်းလေးဖက်က ချစ်သက်သေအနေနဲ့ တစ်ဖက်သတ် အတူနေဖို့တောင်းဆိုစရာအကြောင်းလဲမရှိသလို တောင်းဆိုခံရတဲ့ မိန်းကလေးအနေနဲ့ စိတ်မပါခဲ့ရင် မလိုက်လျောလဲ အိုကေပါတယ်။ အတင်းအကျပ်ဆိုတာ အချစ်ဆိုတဲ့ အဘိဓာန်မှာမရှိတဲ့အတွက် တစ်ဖက်သတ်ဆန္ဒနဲ့ လုပ်ရတဲ့ ကိစ္စမှန်သမျှက အချစ်မဟုတ်တာကို သိထားဖို့တော့ လိုပါလိမ့်မယ်။

ဒါပေမယ့် တချို့သူတွေအနေနဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိလဲ ချစ်ကြမယ်… ကိုယ့်ဘဝ ကိုယ့်ရွေးချယ်မှုမို့လို့ နှစ်ဦးသဘောတူ အတူနေကြတယ်ဆိုရင်တော့ အိုကေပါတယ်။  ဒါပေမယ့် နှစ်ဦးနှစ်ဖက် စိတ်တူကိုယ်တူ ချစ်ကြပြီးတော့မှ ဇာတ်လမ်းတွေရှုပ်လာခဲ့တဲ့အခါ သူ့အပြစ် ကိုယ့်အပြစ် လွှဲချနေတာမျိုးက အဓိပ္ပါယ်လဲမရှိသလို ကိုယ့်ဘဝကိုယ် မပိုင်တဲ့ ကလေးတွေလိုမျိုး ရူးကြောင်ကြောင်နိုင်လှပါတယ်။ ဒါကြောင့်မို့လို့ လက်မထပ်ဘဲ အတူနေတော့မယ်ဆိုရင်တော့ ပထမဦးဆုံးအနေနဲ့ ဖြစ်လာမယ့် အကျိုးဆက်၊ ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေကိုတော့ နှစ်ယောက်စလုံး လက်ခံနိုင်ဖို့ လိုပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *