Vulvodynia (သို့မဟုတ်) ရေရှည်မိန်းမကိုယ်နာကျင်ခြင်း

Posted by

ဗယ်ဗိုဒိုင်းနီးယား ရောဂါကို ခံစားရတဲ့အမျိုးသမီးတွေဟာ အများအားဖြင့် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ထိုင်ရ ထရခက်ခဲခြင်း နဲ့ လက်တွဲဖော်နဲ့ လိင်ဆက်ဆံတဲ့အခါ နာကျင်မှုတွေ ဖြစ်တတ်ပါတယ်။

ဖြစ်ရသည့် အကြောင်းအရင်းများ

ရေရှည်မိန်းမကိုယ်နာကျင်ခြင်း လို့ခေါ်တဲ့ ဗယ်ဗိုဒိုင်းနီးယား ဖြစ်ရတဲ့ အကြောင်းအရင်းတိတိကျကျကို ခုချိန်ထိ မသိရှိရသေးပေမယ့် ရောဂါဖြစ်ပွားခြင်းကို အားပေးမှုဖြစ်စေတဲ့ အချက်တွေကတော့

  • မိန်းမကိုယ်အနားတဝိုက်မှာရှိတဲ့ သွေးကြောတွေကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိထားသူဖြစ်ခြင်း
  • မိန်းမကိုယ်ပိုးဝင်ခြင်း
  • အလာဂျစ်အလွယ်တကူဖြစ်တတ်သော ထိခိုက်လွယ်အသားအရေရှိသူဖြစ်ခြင်း
  • ခန္ဓာကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှု များ ရှိခြင်း
  • သားအိမ်နှင့် ဆီးအိမ်တို့ကို ထောက်ပံ့ပေးထားသော တင်ပါးဆုံကြွက်သားများ အားနည်းသူဖြစ်ခြင်း စတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဗယ်ဗိုဒိုင်းနီးယား ရဲ့ အဓိက ရောဂါလက္ခဏာကတော့ မိန်းမကိုယ်နာကျင်ခြင်းဖြစ်ပြီး တခြားသော ရောဂါလက္ခဏာတွေဖြစ်တဲ့

  • မိန်းမကိုယ်အနားတဝိုက်ရောင်ရမ်းခြင်း
  • မိန်းမကိုယ်အတွင်းအပြင် ယားယံမှုခံစားရခြင်း
  • လိင်ဆက်ဆံပြီးတိုင်း နာကျင်ခြင်း လိုမျိုး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အမျိုးသမီးတစ်ဦးချင်းစီအလိုက် နာကျင်မှုခံစားခြင်းအတိုင်းအတာက ကွာခြားနိုင်ပါတယ်။ တချို့အမျိုးသမီးတွေမှာ နာကျင်ရတာက ၃ လနဲ့အထက် နာတာရှည်ခံစားရနိုင်ပြီး တချို့သူတွေမှာတော့ နာကျင်မှုဟာ ခံစားရတလှည့် သက်သာတလှည့် ဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးများ

ဗယ်ဗိုဒိုင်းနီးယားရောဂါကို နာတာရှည်ခံစားနေရတဲ့ အမျိုးသမီးတွေဟာ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ စိတ်ဓာတ်ကျခြင်း၊ လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒလျော့နည်းခြင်း၊ နေ့စဉ်လူနေမှုဘဝတွင် သွားလာနေထိုင်မှု အခက်အခဲဖြစ်ခြင်း စသည့် အချက်များကို ခံစားရနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆေးကုသမှုခံယူသင့်သလဲ?

အပေါ်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေကို သင့်အနေနဲ့ အချိန်ကာလတစ်ခုအထိ နာတာရှည်ခံစားနေရခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ ဒီနေရာမှာ သင့်အနေနဲ့ ရောဂါဝေဒနာကို ဆေးမြီးတိုများ၊ ကောင်တာပေါ်တွင် အလွယ်တကူရရှိနိုင်သော စပ်ဆေးများနဲ့ မိမိသဘောအတိုင်း ကြိတ်မကုသဖို့လဲ အရေးကြီးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *