ဆုံးဖြတ်ပြီးပေမယ့်လဲ အိမ်ထောင်ဖက်ကလဲ ဆန္ဒရှိမယ်… ကိုယ်ကလဲ အဆင်သင့်ဖြစ်မယ်ဆိုရင် မိသားစုဘဝလေးတစ်ခုတည်ဆောက်ဖို့က လွယ်ပေမယ့် အောင်မြင်ပြီး တာဝန်သိတဲ့ ကလေးမေမေဖြစ်ဖို့ဆိုရင် ပြင်ဆင်ထားသင့်တာလေးတွေကိုလဲ သိထားသင့်ပါတယ်။
မေမေတစ်ယောက်ဖြစ်လာဖို့ ဘာတွေပြင်ဆင်ထားရမလဲဆိုတော့
- ဘတ်ဂျက်ပြင်ဆင်ပါ
ကလေးယူတော့မယ်ဆို ဇနီးမောင်နှံတွေ အချင်းချင်းတိုင်ပင်ပြီး ဘက်ဂျက်ပြင်ဆင်သင့်ပါတယ်။ ကုန်ကျရမှာတွေ များလာမှာမို့ ကြိုတင်ပြင်ဆင်ထားတော့ အရာရာ စနစ်တကျပြီးဆုံးသွားပါလိမ့်မယ်။ နောက်တခုက ကလေးမွေးပြီးစ အချိန်တွေမှာ ကလေးနားမှာ မိခင်ဖြစ်သူ အချိန်ပြည့် နေနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအခါမှာ ကိုယ် အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်က မီးဖွားခွင့် မူဝါဒတွေကို သေချာ လေ့လာထားဖို့ လိုအပ်လာပါပြီ။ မိခင်အတွက် ခွင့်ဘယ်လောက် ပေးသလဲ၊ ဖခင်ကရော ဘယ်လောက်ကြာကြာ ခွင့်ရသလဲ၊ လိုအပ်ရင် နောက်ထပ် လစာမဲ့ခွင့်၊ လုပ်သက်ခွင့်တွေ ဆက်ယူလို့ ရသလား ဆိုတာတွေ အကုန် စုံစမ်းထားရမှာပါ။ ကျားမမရွေး အလုပ်လုပ်နေတဲ့ ခေတ်ကြီးထဲမှာ မီးဖွားခွင့် ကိစ္စက မဖြစ်မနေ ထည့်တွေးလာကြရပါတယ်။
- ကျန်းမာရေးနဲ့ညီတာကို စားပါ
ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ သံဓာတ်တို့လို အရေးပါတဲ့အာဟာရဓာတ်တွေ လုံလောက်စေမှ အမျိုးသမီးတစ်ယောက် ရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ဖို့ အသင့်ပြင်ဆင်နိုင်မှာပါ။ ဒါ့ကြောင့် အဆီနည်းတဲ့အသား၊ နို့ထွက်ပစ္စည်း၊ ဂျုံပြောင်းနှံနဲ့ ပဲအမျိုးမျိူး၊ အသီးအရွက်တွေ မျှတအောင်စားသင့်ပါတယ်။ အသင့်စားတွေ၊ အပြင်စာတွေ၊ ဆိုးဆေးနဲ့တာရှည်ခံပါတဲ့ စားစရာတွေ နဲ့ အာဟာရမပြည့်တဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ အရက်၊ ဘီယာ၊ ဝိုင် တို့လို အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေနဲ့ ဆေးလိပ်ကို ရှောင်ပါ။ တာရှည်ခံပစ္စည်းတွေ၊ ဓာတုပစ္စည်း(ဆိုးဆေး၊ အနံ့အတု၊ စတာတွေ)တွေ မပါတာကို ရွေးချယ်စားပါ။
- ရာသီစက်ဝန်းကို မှတ်တမ်းထားပါ
တစ်လနဲ့တစ်လ ရာသီလာရက်တွေကို မှတ်တမ်းတစ်ခုထားထားပါ။ ရာသီစက်ဝန်းကို မှတ်သားထားခြင်းအားဖြင့် ကိုယ့်ရဲ့သားဥကြွေချိန်ကို တွက်ချက်နိုင်တယ်။ အမျိုးသမီးတစ်ယောက်ဟာ သားဥကြွေပြီး ၁၂ နာရီကနေ ၂၄ နာရီအတွင်းမှာပဲ သန္ဓေအောင်နိုင်ပါတယ်။ ဒါပေမယ့် သုက်ပိုးဟာ အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်ပါတယ်။
- ကျန်းမာရေး စစ်ဆေးပါ
ကလေးယူဖို့ အစီအစဉ်ရှိတယ်ဆို ဆရာဝန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်တာ အကောင်းဆုံးပါ။ ကိုယ်အခု လက်ရှိသောက်နေတဲ့ သန္ဓေတားဆေးတွေ ဘယ်အချိန်မှာရပ်ရမလဲ.. ပြီးရင် သောက်တဲ့ ဆေးဟာ သန္ဓေသားလေးကိုရော ထိခိုက်စေနိုင်သလားဆိုတာမျိုးလည်း ကြိုတင်တွေးပါ။ ဒါ့အပြင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ကိုယ်ဝန်ရလွယ်စေဖို့ ပြင်ဆင်နိုင်အောင် ဖောလစ်အက်စစ် လိုမျိုး ကိုယ်ဝန်ကို အားဖြည့်ပေးနိုင်တဲ့ အားဆေးလေးတွေ သောက်လို့ရပါတယ်။
Leave a Reply