သင်က ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲနေသူလား၊ ပုံမှန်လား။

Posted by

ကာမစိတ်ထက်သန်တယ်ဆိုတာ ကျန်းမာရေးကောင်းမွန်နေတယ်ဆိုတာကို ပြသနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်ပေမယ့် ဒီကိစ္စကို အမြဲတမ်း အာရုံစိုက်နေရင်တော့ ပုံမှန်လို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။ ထက်သန်တဲ့ လိင်စိတ်ရှိတာက လူသားတွေအတွက် သာမန်ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဒီလိုပုံမှန်အခြေအနေမှာ ရှိတဲ့ ကာမစိတ်ကို ထိန်ချုပ်ဖို့ခက်ခဲသွားတဲ့ အဆင့်တွေ ရှိနိုင်ပါတယ်။ ကာမစိတ်အလွန်အမင်း ထက်သန်တယ်ဆိုတာနဲ့ ပုံမှန်ကာမစိတ်ရှိတယ်ဆိုတဲ့အကြား ခွဲခြားသိမြင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။

ဒါဆိုရင် ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲတယ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်လည်း ကြည့်ရအောင်ပါ။

တစ်စုံတစ်ယောက်ရဲ့ ကာမဆိုင်ရာ အပြုအမူတွေက တခြားသူတစ်ယောက်အပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေ ရှိလာခဲ့ရင် ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲတယ်လို့ ဆိုနိုင်ပါတယ်။ ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲတယ်ဆိုတာ တိကျတဲ့ ခေါင်းစဉ်မရှိဘဲ ပုံသဏ္ဍန်အမျိုးမျိုး ရှိနိုင်ပါတယ်။ ညစ်ညမ်းကားတွေ အလွန်အမင်းကြိုက်တာ၊ အပျော်မယ်တွေနဲ့ ပျော်ပါးချင်စိတ်ကြီးတာ၊ တကိုယ်ရည်အာသာဖြေမှုများတာ၊ လိင်ဆက်ဆံတဲ့အခါ ပုံမှန်မဟုတ်တဲ့ပုံစံနဲ့ ဆက်ဆံချင်တာ စတာတွေကို ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲတယ်လို့ ဆိုနိုင်ပါတယ်။

ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲတာကို ဘယ်လို သိနိုင်မလဲ။

အကယ်၍ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်အဖော်က ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲနေခဲ့တယ်ဆိုရင်တော့ သင်တို့နှစ်ယောက်အကြား ကျန်းမာတဲ့ဆက်ဆံရေးတစ်ခု ရှိနိုင်မှာ မဟုတ်ပါဘူး။ သင့်အမျိုးသားက အပြာကား ဒါမှမဟုတ် လိင်ဆက်ဆံတာတွေကို အလွန်အမင်းစွဲလန်းနေမယ်ဆိုရင် သင့်အနေနဲ့ စိတ်ဓါတ်ကျတာ၊ အားငယ်တာ၊ စိတ်ပျက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ သင်ကိုယ်တိုင် ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲနေမယ်ဆိုရင်တော့ ကိုယ်နဲ့ ပတ်သက်လာတဲ့သူတိုင်းအပေါ် လိင်စိတ်နဲ့ ကြည့်မြင်နေမိမယ်၊ ကိုယ့်ရဲ့ အချစ်ရေးမှာ ခံစားမှု အလွန်အမင်းပြင်းထန်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တကိုယ်တည်းနေရာမှာ ကြောက်လာတယ်၊ ဒါမှမဟုတ် ရည်းစားတစ်ယောက်ပြီးတစ်ယောက်ပြောင်းချင်လာတယ်။ တစ်ယောက်တည်းဆိုရင် မပြည့်စုံဘူးလို့ ခံစားလာရမယ်။ ဒီလိုစိတ်အခြေအနေတွေက ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲတာကို ပြသနိုင်တဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။

ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲတာက စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုကြီးသလို ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုလည်း ရှိနိုင်ပါသေးတယ်။ အချိန်တိုင်းလိုလို သင့်ရဲ့ လွန်ကဲတဲ့ လိင်စိတ်တွေကြောင့် ဂနာမငြိမ်တာ၊ မလုံမလဲဖြစ်တဲ့ အမူအရာတွေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတဲ့ အမူအကျင့်တွေ ရှိလာနိုင်ပါတယ်။

သက်ရောက်မှုတွေက ဘာတွေလဲ။

USDA ကပြုလုပ်ထားတဲ့ စစ်တမ်းတစ်ခုအရ အမျိုးသား ၃၈ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၅ ရာခိုင်နှုန်းရဲ့ ကိုယ်အမူအရာကို ကြည့်ပြီး ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲနေတာကို တွေ့ရှိတယ်လို့ ဆိုပါတယ်။ ကာမစိတ်လွန်ကဲတာကြောင့် လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှု မရှိဘဲ အတူနေတာကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ရနှုန်းတွေ မြင့်လာတယ်လို့ ဆိုပါတယ်။ လိင်စိတ်လွန်ကဲသူ ၇၀ ရာခိုင်နှုန်းက အနည်းဆုံး တစ်ကြိမ်လောက်တော့ မလိုချင်သေးတဲ့ ကိုယ်ဝန်ကို ရခဲ့ဖူးတယ်လို့ ဆိုထားပါသေးတယ်။ နောက်ပြီး ထိခိုက်နိုင်တဲ့ တခြားနယ်ပယ်တွေကို ပြောရမယ်ဆိုရင်တော့

လူမှုရေးကိစ္စတွေ မိသားစုကိစ္စတွေမှာ အားနည်းချက်တွေ ရှိလာနိုင်ပါတယ်။
လိင်စိတ်အလွန်အမင်းများနေတာကြောင့် အလုပ်မှာ ထိခိုက်နိုင်ပါတယ်။
နောက်ပြီး မျိုးဆက်ပွားအင်္ဂါတွေ ပုံမှန်မဟုတ်တော့တာနဲ့ လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ရနိုင်ချေ ပိုများလာတာတို့ပဲ ဖြစ်ပါတယ်။
စိုးရွံ့အလိုမကျမှုတွေ၊ ခံစားမှု ပြင်းထန်တာတွေကို ကာလရှည်ကြာစွာခံစားလာရတာနဲ့ အမျှ စိတ်ကျရောဂါဖြစ်လာနိုင်ပါတယ်။

မိမိကိုယ်တိုင် လွန်ကဲနေသလားဆိုတာ ဘယ်လို သိနိုင်မလဲ။

အကယ်၍ ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲနေတယ်လို့ မိမိကိုယ်ကို ထင်နေရာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မည်သို့ပင်ဖြစ်စေ အောက်ပါလက္ခဏာရပ်တွေ ကိုယ့်မှာ ရှိနေသလား ဆန်းစစ်ကြည့်ပါ။

လိင်ဆက်ဆံတဲ့အခါမှာ အားမရဘူး။ ထင်သလောက် ခရီးမရောက်ဘူးလို့ အမြဲတမ်းထင်နေမယ်။
ကိုယ်ရဲ့လိင်စိတ်ဖြစ်ပေါ်မှုကို ထိန်းချုပ်ဖို့ ခက်ခဲနေခြင်း
ကိုယ်ရဲ့ ကာမဆိုင်ရာ လုပ်ဆောင်ပြုမူတဲ့အပေါ်မှာ အမြဲလိုလို သံသယဖြစ်နေမယ်။
အချစ်ရေးမှာ ပေးထားတဲ့ကတိတွေကို ကိုယ်တိုင်ထိန်းသိမ်းလို့မရဘဲ အမြဲချိုးဖောက်နေမယ်။
သင့်ရဲ့အတွေးတွေမှာ လိင်စိတ်က အမြဲတမ်းလိုလို နေရာယူနေမယ်။ အရာအားလုံးကို လိင်စိတ်နဲ့ မြင်နေမယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကာမဆိုင်ရာ စွဲလန်းမှု လွန်ကဲတယ်ဆိုတာ ပုံမှန်အတိုင်း ဖော်ထုတ်သိမြင်နိုင်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အကယ်၍ တစ်စုံတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ပြင်းထန်စွဲလန်းမှုတွေကြောင့် တစ်ခြားသူတစ်ယောက်အပေါ် ဆိုးဝါးတဲ့ပြသနာဖြစ်စေနိုင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်း ဒါမှမဟုတ် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။

Ref: http://www.epainassist.com/addiction-and-rehab/sex-addiction-or-high-sex-drive

http://www.psychguides.com/guides/sex-addiction-symptoms-causes-and-effects/

Leave a Reply

Your email address will not be published. Required fields are marked *