အပျိုစစ်မှဆိုတဲ့ ချိဖတို့သိဖို့

Posted by

အရင်ရှေးကျတဲ့ခေတ်လောက် မဆိုးတော့ပေမယ့် ခုခေတ်မှာ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အပျိုစစ်တာ မစစ်တာနဲ့ တိုင်းတာတတ်တဲ့ လူတွေရှိပါသေးတယ်။ ဒီနေရာမှာ အဲ့လိုအယူအဆကို လက်ကိုင်ထားတဲ့ ယောကျာ်းလေးတွေကို အဓိကထားပြီး ပြောချင်ပါတယ်။

အိမ်ထောင်ပြုတဲ့အချိန်အထိ မိန်းကလေးတစ်ယောက်က သူမရဲ့ အပျိုစင်ဘဝကို ထိန်းသိမ်းထားနိုင်တာက လေးစားစရာကောင်းပြီး ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်တာ မှန်ပါတယ်။ သူ့ကိုလက်ထပ်ခွင့်ရတဲ့ ယောကျာ်းလေးအနေနဲ့လဲ ကိုယ့်အလှည့်ကျမှ ပန်းတစ်ပွင့်ကို ခြွေရတဲ့ ခံစားမှုက ဘာနဲ့မှ မလဲနိုင်အောင်လဲ ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီအယူအဆကိုပဲ လက်ကိုင်ထားပြီး အပျိုစင်မဟုတ်တဲ့ မိန်းမသားတွေကို နိမ့်ကျပြီး အဆင်အတန်းမရှိတဲ့သူတွေလို ဆက်ဆံတာကတော့ အတွေးခေါင်လွန်းရာကျပါတယ်။

အပျိုမစစ်တော့ဘူးလို့ ဆိုတဲ့နေရာမှာ စိတ်တူကိုယ်တူ ကိုယ့်ချစ်သူနဲ့ Living Together နေလို့၊ ငယ်ငယ်က လိင်အကြမ်းဖက်ခံရဖူးတဲ့ကိစ္စက လူသိရှင်ကြားဖြစ်သွားလို့၊ တစ်ခုလပ်ဖြစ်လို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ လက်တွေ့ကျကျစဉ်းစားကြည့်ရင် အပျိုစစ်တဲ့မိန်းမလဲ မင်္ဂလာဦးညကျော်ရင် အပျိုဆက်စစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လောကကြီးမှာ အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုက ဒီလို အပျိုစစ်တာ မစစ်တာထက်ပိုပါတယ်။

ဉပမာပြောရရင် မိန်းကလေးနှစ်ယောက်ရှိတယ်ဆိုပါစို့… ပထမမိန်းကလေးက ကိုယ့်ဘဝကို ကိုယ်ဦးဆောင်နိုင်စွမ်းနိုင်စွမ်းမရှိ၊ ငွေလဲမရှာနိုင်၊ ပညာရေးကိုလဲ စိတ်မဝင်စား၊ မိဘကိုပဲ မှီခိုအားထားနေရတဲ့ အပျိုစင်မိန်းကလေး နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး အရာရာမှာ အမှီအခိုကင်းတဲ့ အပျိုမစစ်တော့တဲ့ အမျိုးသမီး ဆိုရင် ဘယ်သူက ပိုပြီး တန်ဖိုးရှိမယ်ထင်ပါသလဲ? ဒီနေရာမှာ အပျိုစစ်တာ မစစ်တာက ဘဝကို ကိုင်တည်ထိန်းကျောင်းနိုင်တဲ့ အရည်အချင်းနဲ့ ယှဉ်ရင် ပါမွှားပါပဲ။

အဲ့တော့ နောက်ဆုံးအနေနဲ့ ပြောရရင် အမျိုးသမီးတွေကို ဒီလို အရေးမပါတဲ့ အမြှေးပါးတစ်ခုနဲ့ တန်ဖိုးဖြတ်တယ်ဆိုတာ ရှေးရိုးဆန်ပြီး ခေတ်နောက်ပြန်ဆွဲရာ ကျပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို ကိုယ်ကျင့်တရား၊ အများအကျိုးကို ဆောင်ရွက်နိုင်မှု နဲ့ ကိုယ့်ဘဝကို ဘယ်လောက်အတိုင်းအတာအထိ ထိန်းကျောင်းနိုင်လဲ ဆိုတာတွေနဲ့ပဲ ဆုံးဖြတ်သင့်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဆိုတာကလဲ လူထဲကလူပဲ မို့လို့ အပျိုစစ်သည်ဖြစ်စေ မစစ်သည်ဖြစ်စေ အရာအားလုံးနဲ့ ထိုက်တန်သလို သူတို့ လုပ်သမျှ ပြောင်မြောက်တဲ့အရာတိုင်းအတွက် လေးစားမှုရသင့်ပါတယ်ခင်ဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *