
ထားသွားခဲ့တဲ့ ချစ်သူကို လွမ်းနေတုန်းပဲလား။ သင့်ကို ထားခဲ့ပြီဆိုပေမယ့် သူ့ရဲ့ အသံလေးတွေကို နားထဲကြားယောင်နေတုန်းလား။ ကိုယ်သင်းနံ့လေးတွေကို ရှူရှိုက်မိနေတုန်းလား။ ချစ်ခဲ့တုန်းက အထိအတွေ့တွေကို သာယာနေမိတုန်းပဲလား။ ဒီလိုပါပဲ .. ချစ်ခဲ့ပေမယ့် သူက ထားသွားတော့လည်း နေပျော်အောင်နေရမှာပေါ့။ ဒီတော့ ရည်းစားဟောင်းကို မေ့ပစ်နိုင်ဖို့မှာ အသုံးတည့်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
(၁) အဆက်ဖြတ်ပစ်လိုက်ပါ။
ဖြစ်ခဲ့ပြီးတာတွေကို လွမ်းဆွေးနေတယ်ဆိုတာက အချိန်အတိုင်းအတာတစ်ခုလောက်အထိပဲ ကောင်းပါတယ်။ ပြီးသွားပြီပဲ .. အခုအချိန်ကစပြီး တမ်းတမနေပါနဲ့တော့။ စိတ်ဒုံးဒုံးချပြီး သူနဲ့ပတ်သက်တာတွေကို မေ့ပစ်လိုက်ပါ။ Phone ထဲက Contact ကို ဖျက်၊ Messenger တို့ Viber တို့က Chat list တွေကို ဖျက်ပစ်လိုက်။ ပြီးရင် Facebook လို Social Media တွေမှာ Unfriend ပြီး Block လိုက်တာက သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
(၂) အတိတ်နဲ့ ငြိမ်းချမ်းရေးယူပါ။
လွန်လေပြီးတဲ့အတိတ်မှာ ညစ်ခဲ့တာတွေ မရှိတော့ဘူးလို့ မှတ်လိုက်ပါ။ ညစ်နေလို့လည်း ထားသွားတဲ့သူက ပြန်လာမှာမှ မဟုတ်တာ .. အဲ့တော့ ကိုယ်ဘက်က ပြီးခဲ့တာကို ကန့်လန့်ကာချပြီး ဖြစ်ခဲ့သမျှ ကိစ္စတိုင်း ပျော်ခဲ့တယ်လို့ သတ်မှတ်ကြည့်လိုက် .. သင် စိတ်လက်ပေါ့ပါးပြီး လန်းဆန်းလာပါလိမ့်မယ်။
(၃) ရှေ့ဆက်ရမယ့်နေ့ရက်တွေမှာ အကျိုးရှိရာရှိကြောင်းတွေကို ပိုလုပ်ပါ။
သင့်ဘက်က မေ့လိုက်ပြီဆိုပေမယ့် အာရုံကို အသစ်တစ်ခုမှာ မလွှဲထားနိုင်ရင် အတွေးတွေက အတိတ်ဟောင်းမှာပဲ ပြန်ပြီး ဝေ့နေမှာ အသေအချာပဲ။ ဒီတော့ ရည်းစားနဲ့ ပြတ်သွားလို့ ပိုလာမယ့်အချိန်တွေကို စာအုပ်တွေဖတ်ပါ။ ရုပ်ရှင်တွေကြည့်ပါ။ သင်တန်းတက်ပါ(Online ကဖြစ်ဖြစ်ပေါ့)၊ သင်တန်းမတက်ရင်တောင် တစ်ခုခုကို လေ့လာပြီး သင်ယူကြည့်ပါ။ ဦးနှောက်ကိုအလုပ်ပေးတာက ရည်းစားဟောင်းကို မေ့နိုင်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်တယ်။
(၄) အသစ်တွေကို ရှာဖွေပါ။
သင်ဟာ တန်ဖိုးရှိတဲ့ အချိန်တွေကို စိတ်ညစ်နေတာနဲ့ ကုန်ဆုံးဖို့ ထိုက်တန်တဲ့သူ မဟုတ်ဘူး။ သင့်မှာ ဖန်တီးနိုင်စွမ်းတွေရှိတယ်။ ပင်ကိုယ်စွမ်းရည်တွေရှိပါတယ်။ တောက်ပတဲ့ အနာဂတ်အတွက် ညစ်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အစွမ်းအစတွေကို အတတ်နိုင်ဆုံး ထုတ်ပြပြီး လောကကြီးကို ချပြလိုက်စမ်းပါ။ အောင်မြင်မှုနဲ့ထပ်တူ သင့်ရဲ့ဘေးမှာ ဝိုင်းဝိုင်းလည်လာမယ်ဆိုတာကို လုံးဝ သံသယမရှိလိုက်ပါနဲ့ …
Leave a Reply