(၃)လခံထိုးဆေးထိုးရင် ဘာလို့ရာသီမပေါ်လဲ ဆိုတာ သိဖို့အတွက် အမျိုးသမီး ဘာကြောင့်ရာသီလာတယ် ဆိုတာကို အရင်ဆုံး နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ မိန်းကလေးတစ်ယောက်ဟာ အပျိုဖော်ဝင်လာပြီဆိုတာနဲ့ တစ်လကိုတစ်ခါ မမျိုးဥကြွေပါတယ်။ အဲဒီလိုကြွေလာတဲ့အချိန်မှာ သားအိမ်နံရံကလည်း ထူလာပါတယ်။ မမျိုးဥနဲ့ သုက်ပိုးနဲ့ ပေါင်းမိလို့ သန္ဓေအောင်သွားရင် အဆင်သင့် သန္ဓေတည်နိုင်စေဖို့ လုပ်ပေးထားတာပါ။ တကယ်လို့များ သုက်ပိုးနဲ့ မပေါင်းလိုက်ရရင်တော့ မမျိုးဥက သေသွားပါတယ်။ ဒီအခါ သားအိမ်နံရံက ထူထားပေးတဲ့ အလွှာတွေကလည်း မလိုအပ်တော့တာမို့ ကွာကျလာတယ်။ အဲဒီ သေသွားတဲ့မမျိုးဥနဲ့ သားအိမ်နံရံက ကွာကျလာတဲ့ အလွှာတွေပေါင်းပြီး ဆင်းလာတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။
ဒီ (၃)လခံထိုးဆေးကတော့ မမျိုးဥမကြွေအောင် တားပေးတဲ့အတွက် ကိုယ်ဝန်မရအောင် လုပ်ပေးတယ်။ အဲဒီအပြင် သားအိမ်နံရံက အလွှာတွေကိုလည်း ထူမလာအောင် လုပ်ပေးတယ်။ ဒါကြောင့်မို့ ဒီဆေးထိုးထားတဲ့အမျိုးသမီးမှာဆို မမျိုးဥလည်း မကြွေသလို သားအိမ်နံရံလည်း ထူမလာဘူး။ ဒီတော့ ရာသီသွေးရယ်လို့ ဆင်းလာစရာအကြောင်း မရှိတော့တာပဲဖြစ်ပါတယ်။ (၃)လခံဆေး ထိုးလို့ သွေးမပေါ်ဘူးဆိုတာနဲ့ စိုးရိမ်စရာ မလိုပါဘူး။ ဆေးရဲ့ အာနိသင်ကြောင့်သာ ဖြစ်ပြီး လူကို ဘယ်လိုအန္တရာယ်မှ မပေးနိုင်ပါဘူး။
မေးခွန်း – ၂ ။ ဒီဆေးထိုးပြီးရင် ကလေးပြန်မရနိုင်တော့ဘူးဆိုတာ ဟုတ်ပါသလား
သားဆက်ခြားနည်းတွေထဲမှာ (၃)လခံဆေးက ထူးခြားချက်အနေနဲ့ ကလေးလိုချင်ရင် ချက်ချင်းပြန်မရတတ်ဘဲ လအနည်းငယ် စောင့်ရပါတယ်။ ဒါက စိုးရိမ်စရာ မလိုပါဘူး။ အချိန်တန်တဲ့အခါ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။
တကယ်ဆို စုံတွဲတစ်တွဲအနေနဲ့ ဘာအကာအကွယ်မှ မသုံးဘဲ တစ်နှစ်တိတိ အတူနေလို့ ကိုယ်ဝန်မရသေးဘူးဆိုမှ ဒါဟာ တခုခုတော့ လွဲမှားနေပြီလို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒါကြောင့် ဆေးဖြတ်ပြီး ကိုယ်ဝန်ချက်ချင်း ပြန်မရတာက ပြဿနာ မဟုတ်ပါဘူး။ တကယ်လို့များ ဆေးဖြတ်ပြီး တစ်နှစ်ကျော်ကြာတဲ့အထိ ကိုယ်ဝန်မရသေးရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အကြောင်းတခုခုကြောင့်သာ ဒီလိုဖြစ်နိုင်ပြီး ထိုးဆေးနဲ့ သက်ဆိုင်မှုတော့ မရှိပါဘူး။
မေးခွန်း – ၃ ။ ဒီဆေးက ဝစေတတ်သလား
ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေအားလုံးမှာတော့ ကိုယ်အလေးချိန် အပြောင်းအလဲ ဖြစ်နိုင်တယ် ဆိုတဲ့ ဘေးထွက်ဆိုးကျိုး ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်မှုချင်း မတူတာကြောင့် ဝကိုဝမယ်လို့တော့ မဟုတ်ပါဘူး။ ဝခဲ့ရင်လည်း ပေါင်ချိန်အနည်းအပါးပဲ တက်တာပါ။ ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ ကိုယ်အလေးချိန် ထိန်းမယ်ဆိုလည်း ထိန်းလို့ရနိုင်ပါတယ်။ အစားအသောက် ဆင်ခြင်မယ်၊ ကိုယ်လက်လှုပ်ရှားလုပ်မယ်ဆိုရင် ကိုယ်အလေးချိန် တက်မလာအောင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။
Leave a Reply