ဟုတ်ပါတယ် တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာ အိမ်ရှင်မတွေက ရင်သွေးငယ်ကို ပြုစုစောင့်ရှောက်တာနဲ့ အိမ်အလုပ်တင်မကဘဲ အပြင်ထွက် စီးပွားရှာတာတွေ မဟာဘွဲ့အတွက် ကျောင်းထက်တက်တာ စသည့်ဖြင့် အမျိုးသားတွေနဲ့ ရင်ဘောက်တန်းနေကြပါပြီ။ ဒါကြောင့် ကိုယ့်ရည်မှန်းချက်တွေ မပြည့်ဝသေးခင်မှာ ကလေးရမသွားဖို့ လိုအပ်တဲ့ မိသားစုစီမံကိန်းအတွက် သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုဖို့ စဉ်းစားဖို့ လိုအပ်ပါတယ်။ အလုပ်များတတ်တဲ့ အမျိုးသမီးတွေအတွက်တော့ နှစ်ရှည်ခံတဲ့ သားဆက်ခြားနည်းလမ်းတွေက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
သားဆက်ခြားနည်းလမ်းလို့ ပြောလိုက်တာနဲ့ လူအများစုက နေ့စဉ်သောက်ဆေးနဲ့ ကွန်ဒုံးတွေကို မြင်တတ်ကြပါတယ်။ နောက်ပြီး သုံးလခံထိုးဆေးကိုလည်း ရေရှည်သုံးတဲ့ နည်းလမ်းတစ်ခုအဖြစ် အသိများပါတယ်။ မည်သို့ပင်ဖြစ်စေ သုံးလခံထိုးဆေးက သုံးလတစ်ကြိမ် ဆရာဝန်ဆီပြန်သွားပြီး ထပ်အထိုးခံရတာ ဖြစ်လို့ အနည်းဆုံး ၃ လတစ်ခါ ဆေးခန်းသွားဖို့တော့ လိုပါသေးတယ်။ သားအိမ်တွင်းထည့် ကြေးနီ IUD နဲ့ လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားပစ္စည်း Implant ကတော့ သောက်ဆေးတွေနဲ့ ယှဉ်ရင် ကိုယ်ဝန်တားဆီးတဲ့နေရာမှာ ပိုပြီးထိရောက်မှုရှိပြီး ကရိကထနည်းတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အသုံးပြုတဲ့ ထုတ်ကုန်ပေါ်မူတည်ပြီး ၃ နှစ်ကနေ ၁၀ နှစ်အထိ ကိုယ်ဝန်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ယခုဆောင်းပါးမှာတော့ လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားနည်းလမ်း Implant ကို ဦးစားပေး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားပစ္စည်း Implant ကို မှန်ကန်စွားထည့်သွင်းပြီးတာနဲ့ မလိုချင်သေးတဲ့ကိုယ်ဝန်ကို ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ စစ်တမ်းတွေအရ ၃ နှစ်အတွင်း Implant အသုံးပြုတဲ့ အမျိုးသမီးတစ်ထောင်မှာ တစ်ယောက်ထက်နည်းတဲ့ ပမာဏလောက်သာ ကိုယ်ဝန်ရနိုင်ချေရှိတာဖြစ်ပါတယ်။ တခြားနည်းလမ်းတွေနဲ့ ယှဉ်ရင် အထိရောက်ဆုံးနဲ့ လစ်ဟာမှု အနည်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Implant က မီးခြစ်ဆံအရွယ်အစားရှိတဲ့ သေးငယ်တဲ့ ပလက်စတစ်ချောင်းငယ်လေးဖြစ်ပြီး လက်မောင်းအောက်ကို ဆရာဝန်က ထည့်သွင်းပေးမှာဖြစ်ပြီး အမျိုးအစားပေါ်မူတည်ပြီး ၃ နှစ်ကနေ ၅ နှစ်အထိ ကိုယ်ဝန်ကို တားဆီးပေးနိုင်ပါတယ်။ Implant မှာပါတဲ့ ပရိုဂျက်စတုန်း ဟိုမုန်းက သားအိမ်အတွင်းနံရံတွေကို ထူထဲစေပြီး အမျိုးသားသုတ်ပိုးနဲ့ မမျိုးဥတို့ မတွေ့ဆုံအောင် ပြုလုပ်ပေးပါတယ်။ ဒီဟိုမုန်းက အမျိုးသမီးရဲ့ ရာသီစက်ဝန်းပုံစံကို အနည်းငယ်ပြောင်းလဲစေပြီး တခါတလေမှာ ရာသီစက်ဝန်းမရှိတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါက Implant ရဲ့ လုပ်ဆောင်ချက်ကို ဖော်ပြနေတာမဟုတ်တဲ့အတွက် ဒီလိုမျိုးမကြုံရရင်လည်း စိတ်ပူစရာမရှိပါဘူး။
ဒီနည်းလမ်းရဲ့ အားသာချက်က ဘာကိုမှာ မှတ်ထားဖို့ မလိုတာပဲ ဖြစ်ပါတယ်။ တခြားနည်းလမ်းတွေဖြစ်တဲ့ နေ့စဉ်သောက်ဆေးက အချိန်မှန်သောက်မှာ ပိုပြီး ထိရောက်တာဖြစ်တဲ့အတွက် မေ့တတ်တဲ့ ဒါမှမဟုတ် အလုပ်များတဲ့ အမျိုးသမီးတွေအတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားနည်းလမ်းက လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကိုတော့ ကာကွယ်မပေးနိုင်လို့ ကိုယ့်အဖော်ရဲ့ ကျန်းမာရေးအခြေအနေကို မသိရင် ကွန်ဒုံးသုံးဖို့ လိုအပ်ပါတယ်။
နှစ်ရှည်ခံသားဆက်ခြားနည်းလမ်းတွေက အချိန်ပြည့်အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေအတွက် သင့်လျော်တဲ့ ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကလေးရှိတဲ့ မိခင်တွေလည်း အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဒီနည်းလမ်းက လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်မပေးနိုင်တဲ့အတွက် လိင်ဆက်ဆံဖော်များတဲ့သူတွေအနေနဲ့ ကွန်ဒုံးသုံးဖို့ လိုအပ်ပါတယ်။ ဒီရောဂါကို ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ကွန်ဒုံးပဲ ဖြစ်ပါတယ်။
အချုပ်အနေနဲ့ ပြောရရင်တော့ ဒီနည်းလမ်းက နှစ်ရှည်လများ စိတ်ချစွာသုံးနိုင်ပြီး ဆေးသောက်ဖို့ မေ့သလိုမျိုး အသုံးပြုသူရဲ့ အမှားအယွင်းနည်းတဲ့အတွက် ထိရောက်မှုရှိပြီး ကရိကထအနည်းဆုံး ဖြစ်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သင့်အနေနဲ့ နှစ်အနည်းငယ်အတွင်း ကလေးမယူသေးတာ သေချာတယ်ဆိုရင် Implant ကို အသုံးပြုနိုင်ပြီး ကလေးလိုချင်တဲ့အခါ ဆရာဝန်ထံသွားပြီး ဖယ်ရှားလိုက်တာနဲ့ ကိုယ်ဝန်အလွယ်တကူ ပြန်ဆောင်နိုင်ပါတယ်။
Leave a Reply