အရေးပေါ်သားဆက်ခြားသောက်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းများ

Posted by

 

မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတ အကန့်အသတ်ရှိနေသေးတာမို့ အရေးပေါ်သားဆက်ခြားသောက်ဆေးနဲ့ ပတ်သက်လို့ နားလည်မှု အလွဲတွေအများကြီး ရှိနေပါတယ်။ အကယ်၍ ကွန်ဒုံးပေါက်သွားတာ၊ နေ့စဉ်သောက်ဆေးသောက်ဖို့ မေ့တာနဲ့ မမျှော်လင့်ဘဲ အတူနေမိတာ စတဲ့အခြေအနေမျိုးတွေမှာ ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင်တော့ အရေးပေါ်ဆေးကို သုံးဖို့ လိုပါတယ်။ ဒါကြောင့် အရေးပေါ်ဆေးနဲ့ ပတ်သက်လို့ နားလည်မှုအလွဲလေးတွေ မရှိရအောင် ယခုဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။

ယုံတမ်း (၁) အရေးပေါ်ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ချနိုင်တယ်။

လိင်ဆက်ဆံပြီးတာနဲ့ အမျိုးသားသုတ်ပိုးက သားဥပြွန်ကနေ ကျလာမယ့် မမျိုးဥကို စောင့်ဆိုင်းနေပြီး မမျိုးဥနဲ့မတွေ့ဆုံပါက ၅ ရက်လောက်ကြာတဲ့အခါမှာ သေဆုံးသွားပါတယ်။ ဒါကြောင့် အရေးပေါ်ဆေးက ၅ ရက်အတွင်း သုံးနိုင်တာဖြစ်ပြီး မြန်မြန်သုံးလေ အာနိသင်ပိုလေဖြစ်ပါတယ်။ လူတော်တော်များများကတော့ အရေးပေါ်ဆေးက ကိုယ်ဝန်ပျက်ကျစေတယ်လို့ ထင်နေကြပါတယ်။ တကယ်တမ်းတော့ မဟုတ်ပါဘူး။ အရေးပေါ်ဆေးမှာပါတဲ့ ဟိုမုန်းက မျိုးအောင်ပြီးသားမမျိုးဥအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ အရေးပေါ်ဆေးမှာ ပါဝင်တဲ့ ဟိုမုန်းက သားဥကြွေတာနှောင့်နှေးအောင်ပြုလုပ်ပြီး အမျိုးသား သုတ်ပိုးနဲ့ မတွေ့ဆုံအောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ သုတေသနစစ်တမ်းတွေအရတော့ အရေးပေါ်ဆေးက မျိုးအောင်ပြီးသား မမျိုးဥအပေါ် သက်ရောက်မှု မရှိဘူးလို့ အခိုင်အမာ ဆိုထားကြပါတယ်။

ယုံတမ်း (၂) ပါတီပွဲအပြီး အတူနေမိလို့ မနက်မှာ အရေးပေါ်ဆေး မသုံးသင့်။

ဆေးလိပ်၊ အရက်နှင့် တခြားဆေးဝါးတွေက အရေးပေါ်ဆေးရဲ့ အာနိသင်ကို မလျှော့နည်းစေပါဘူး။ ဒါကြောင့် နောက်တစ်နေ့မှာ အရေးပေါ်ဆေးမသုံးသင့်ဘူးဆိုတဲ့ နားလည်မှု အလွဲဖြစ်ပါတယ်။ အရေးပေါ်ဆေးမှာ ပါတဲ့ဟိုမုန်းက သင့်ခန္ဓာကိုယ်က အလိုအလျှောက် ထုတ်ပေးတဲ့ ဟိုမုန်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပါဝင်မှု ပမာဏတော့များတဲ့အတွက် ပုံမှန်စွဲသုံးတာမျိုး မလုပ်သင့်ပါဘူး။

ယုံတမ်း (၃) အရေးပေါ်ဆေးသောက်ပြီး ထပ်နေတာတွေကို ကာကွယ်ပေးနိုင်တယ်။

အရေးပေါ်ဆေးတွေက အတူနေပြီး ၂၄ နာရီအတွင်းသောက်တာ အကောင်းဆုံးပါ။ ဆေးမှာပါတဲ့ ဟိုမုန်းတွေက မျိုးဥကြွေတာကို နှောင့်နှေးအောင်ပြုလုပ်ပေးပါတယ်။ အကယ်၍ ဆေးသောက်ပြီး နောက်ပိုင်းထပ်နေမိရင်တော့ ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ သုတ်ပိုးတွေက အမျိုးသမီးခန္ဓာကိုယ်ထဲမှာ ၅ ရက်လောက်ထိ အသက်ရှင်နိုင်ပြီး မမျိုးဥကြွေတဲ့ အချိန်ထိရှိနေနိုင်တဲ့ အတွက်ကြောင့်ပါ။

ယုံတမ်း (၄) အရေးပေါ်ဆေးသုံးတာများရင် နောက်ပိုင်း ကလေးရဖို့ မလွယ်တော့ဘူး။

အရေးပေါ်ဆေးသုံးတာများရင် အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်ခြင်းစွမ်းရင် ကျဆင်းစေတယ်ဆိုတဲ့ အချက်က သက်သေမရှိသေးပါဘူး။ မည်သို့ပင်ဖြစ်စေ အရေးပေါ်ဆေးကို ၈ ခါလောက်သုံးရင် ၁ ခါလောက်တော့ ကိုယ်ဝန်ရနိုင်ချေ ရှိတဲ့အတွက် တခြားသားဆက်ခြားနည်းလမ်းတွေနဲ့ ယှဉ်ရင် ထိရောက်မှု အရမ်းနည်းပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စိတ်ချရပြီး ထိရောက်မှု ရှိတဲ့ နည်းလမ်းတွေကို ရေရှည်သုံးသင့်ပါတယ်။

မှတ်ထားရမှာက အရေးပေါ်ဆေးက အရေးပေါ်ဆေးအခြေအနေအတွက် ထုတ်ထားတာဖြစ်ပြီး ပုံမှန်စွဲသုံးနိုင်တဲ့ နည်းလမ်းတစ်ခု မဟုတ်ဘူး ဆိုတာပါ။ မည်သို့ပင်ဖြစ်စေ တကယ်တမ်း အရေးပေါ်အခြေအနေကြုံလာရင်တော့ ယုံတမ်းအမှားတွေကို နားမယောင်မိဖို့ လိုအပ်ပါတယ်။ အရေးပေါ်ဆေးဆိုတာ ဘေးကင်းပြီး အရေးပေါ်အခြေအနေတွေအတွက် အသင့်တော်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *