ဟော်မုန်းပါတာနဲ့ ကြေးနီနဲ့ပြုလုပ်ထားတာရယ်လို့ ရှိပြီး၊ မြန်မာနိုင်ငံမှာတော့ ကြေးနီနဲ့လုပ်ထားတာက ပိုအသုံးများပါတယ်။ ဟော်မုန်းမပါတဲ့ ပစ္စည်းမို့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ အသားအရည် ပြောင်းလဲတာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတင်းပြီးနာတာ စတဲ့ ဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေ မခံစားရဘူး။ အဲဒီအပြင် သဘာဝအတိုင်းပဲ တစ်လတစ်ခါ ရာသီသွေးပေါ်တယ်။ ဒါက အမျိုးသမီးတွေ သဘောအကျဆုံးအချက်။ နောက်ပြီး သားအိမ်ထဲမှာပဲ ထည့်ထားတာဖြစ်တဲ့အတွက် တခြားနေရာမှာ ရောဂါရှိလို့၊ ဥပမာ သွေးတိုးတာ၊ ဆီးချိုဖြစ်တာ၊ ရင်သားကင်ဆာဖြစ်တာ၊ အသည်းရောဂါ စတဲ့ အခြေအနေတွေမှာလည်း စိတ်ချလက်ချ အသုံးပြုလို့ရတယ်။ ၅ နှစ်ခံ၊ ၁၀ နှစ်ခံရယ်လို့ ရှိတာမို့ ကာလရှည်ကြာ ကိုယ်ဝန်တားထားချင်တဲ့ အမျိုးသမီးတွေ အသုံးပြုလေ့ရှိတဲ့ ကိုယ်ဝန်တားနည်းတစ်ခု ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတာမျိုး မဟုတ်တဲ့ ဆေးဝါးတွေကို ရောင်းချနေတာက တော်တော်လေး ကြီးမားတဲ့ ကျန်းမာရေးလောက ပြဿနာတစ်ရပ်အဖြစ် ရှိနေပါတယ်။ မှတ်ပုံတင်ထားတဲ့ ဆေးတွေထက် ဈေးနှုန်းအားဖြင့် သက်သာတယ်။ လူတွေပိုသဘောကျကြတယ်။ ဒါပေမယ့်လည်း တရားဝင် အတည်ပြုစစ်ဆေးထားတာ မဟုတ်လို့ အရည်အသွေးပိုင်း စိတ်မချရတဲ့အပြင် လူကို ဆိုးကျိုးဖြစ်စေတာမျိုးတွေတောင် ရှိပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်ပြီး အသိပညာပေးတာ၊ ကွင်းဆင်းစစ်ဆေးတာတွေလည်း လုပ်ဆောင်နေသလို၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။
ဒီဆောင်းပါးမှာ ပြောချင်တာကတော့ အဲဒီလို တရားမဝင်၊ မှတ်ပုံတင်မထားတဲ့ ဆေးပစ္စည်းတွေထဲမှာ သားအိမ်တွင်းပစ္စည်းတွေလည်း ပါနေတယ် ဆိုတာပါပဲ။ ဒီပစ္စည်းတွေဟာ လူကို အန္တရာယ်ဖြစ်စေတဲ့ ကုန်ကြမ်းတွေ သုံးထားနိုင်တယ်။ မသန့်ရှင်းပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ကြေးနီတွေ သုံးထားနိုင်တယ်။ အဆိုးဆုံးကတော့ ပိုးသတ်ထားတဲ့ပစ္စည်း မဟုတ်လို့ ဒါကို အသုံးပြုပြီးနောက်ပိုင်း သားအိမ်ထဲကို ပိုးဝင်သွားတာ၊ နောက်ဆက်တွဲအနေနဲ့ ကလေးပြန်ရဖို့ ခက်ခဲသွားတာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေဟာ၊ မှတ်ပုံတင်ထားပြီး အရည်အသွေးပိုင်း စိတ်ချရတဲ့ ပုံမှန်သားအိမ်တွင်းထည့်ပစ္စည်းကိုသာ အသုံးပြုရမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ ဖြစ်မလာနိုင်တဲ့ ကိစ္စတွေပါ။ ဒါကြောင့်မို့ ဒီပစ္စည်းကို အသုံးပြုတော့မယ်ဆိုရင် ဒါဟာ မှတ်ပုံတင်ထားတာ ဟုတ်မဟုတ်၊ မှတ်ပုံတင်အမှတ် ပါမပါ စစ်ဆေးဖို့ သိပ်အရေးကြီးပါတယ်။
ဟော်မုန်းဓါတ်လည်းမပါ၊ နှစ်ရှည်လည်းခံပြီး ထိရောက်မှုတအားကောင်းတဲ့ သားဆက်ခြားနည်းတစ်ခု ဖြစ်တာမို့ ဒီသားအိမ်ထဲထည့်တဲ့နည်းလမ်းဟာ အိမ်ထောင်သည် အမျိုးသမီးတွေကြားမှာ တော်တော်လေး ရေပန်းစားပါတယ်။ တစ်ဖက်မှာလည်း ဒါထည့်လိုက်ရင် ပိုးဝင်သွားမှာ၊ ကလေးလုံးဝမရတော့မှာ၊ သားအိမ်ကင်ဆာဖြစ်မှာ စသဖြင့် လွဲမှားတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ဥပမာ – မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ Lydia နှင့် Multiload လိုအရည်အသွေးပြည့်ဝတဲ့ ပစ္စည်းကိုသာ သုံးမယ်ဆိုရင် ဒါတွေက စိုးရိမ်စရာမလိုပါဘူး။ ကိုယ့်အတွက် သိပ်ကိုအဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကို လွဲမှားတဲ့ ယုံတမ်းစကားတွေကြောင့် အသုံးမပြုရဘူးဆိုတာမျိုး မဖြစ်ရလေအောင် ဒီနည်းလမ်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံ သိထားဖို့လိုပါတယ်။
အမျိုးသမီးတွေ စိတ်ပူနေတဲ့ ဒီလိုပြဿနာတွေ မဖြစ်ဖို့က တအားစိတ်ပူစရာ မလိုပါဘူး။ လုပ်စရာက တစ်ခုတည်းပါ။ ဒီနည်းလမ်းကို အသုံးပြုတော့မယ်ဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပစ္စည်းတွေ ရွေးသုံးဖို့ ဆိုတာပါပဲ။
Leave a Reply