သာမန်ထက်ပိုတဲ့ လိင်စိတ်နည်းပါးခြင်း ပြသနာ

Posted by

စိတ်ဖိစည်းရာကတဆင့် ကာမစိတ်လိုလားမှု ၊ စွမ်းဆောင်ရည်နဲ့ တခြား ရုပ်ပိုင်းဆိုင်ရာတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင်တော့ နောက်ခံအကြောင်းအရင်းကို ရှာဖွေတာက ကုသမှုရဲ့ ပထမအဆင့်လို့ ဆိုနိုင်ပါတယ်။ တချို့လူအတွက် ကိုယ့်ပြကသနာကို နားလည်လိုက်တာနဲ့ အလိုလိုပျောက်ကင်းသွားနိုင်ပေမယ့် တချို့အတွက်ကတော့ ဆရာဝန်ရဲ့ အကူအညီ လိုပါလိမ့်မယ်။ ဒါကြောင့် လိင်စိတ်နည်းပါးရခြင်းပြသနာကို မိမိကိုယ်တိုင်အလွယ်တကူသိနိုင်တဲ့ အချက်တွေကို ယခုဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။

အရက်သောက်ခြင်း

အရက်က ပြသနာတော်တော်များများရဲ့ အရင်းခံဖြစ်နိုင်ပါတယ်။ အရက်အများအပြားသောက်သုံးလေ့ရှိတဲ့သူက လိင်စိတ်နည်းနေနိုင်တဲ့အပြင် ကာမစွမ်းဆောင်ရည်ပါ ကျဆင်းနိုင်ပါတယ်။ အမူးလွန်နေတဲ့သင့်ကိုလည်း သင့်အဖော်က နှစ်သက်မှာ မဟုတ်ပါဘူး။ အရက်က စွဲလန်းစေတဲ့အရာဖြစ်တဲ့အတွက် ဖြတ်ဖို့လိုရင် မစွဲလန်းခင် ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။

အိပ်ရေးဝဝ မအိပ်ခြင်း

ဘယ်လိုကိုယ်လက်လှုပ်ရှားမှုပဲ ဖြစ်ဖြစ် အိမ်ရေးဝနေရင် ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒီလိုပါပဲ ကာမကိစ္စမှာလည်း အိပ်ရေးမဝရင် ကောင်းကောင်းစွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အိပ်ရေးဝဝ အိပ်စက်ပါ။

ဆေးဝါးများ

တချို့သောဆေးဝါးတွေက လိင်စိတ်ကို ကျဆင်းစေနိုင်ပါတယ်။ ဥပမာ သွေးတိုးကျဆေး၊ ချောင်းဆိုးနှာစေးပျောက်ဆေးနဲ့ အခြားရောဂါများအတွက်သောက်သုံးနေရသောဆေးဝါးတွေ လိင်စိတ်ကို ကိုကျဆင်းစေပါတယ်။ ဒီလိုခံစားနေတာတွေက အပေါ်ကပြောတဲ့ဆေးတွေကြောင့်ဆိုရင်တော့ ဆရာဝန်ဆီမှာ ပြန်ဆွေးနွေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

မိမိခန္ဓာကိုယ်အချိုးအစားအပေါ် ယုံကြည်မှု နည်းပါးခြင်းနှင့် အဝလွန်နေခြင်း

ကာမစွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်က Sexy ကျတာမှန်ပါတယ်။ အကယ်၍ ကိုယ့်ခန္ဓာကိုယ်အချိုးအစားက စွဲဆောင်မှု မရှိဘူးလို့ ထင်နေရင်လည်း လိင်စိတ်နည်းပါးနိုင်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်ရင် ကိုယ်တိုင်ကျေနပ်နေဖို့ လိုပါတယ်။ မဟုတ်ရင် လေ့ကျင့်ခန်းလုပ်တာမျိုးနဲ့ ပြောင်းလဲပစ်နိုင်ပါတယ်။ နားလည်ပေးနိုင်တဲ့ အဖော်ရှိတာက အထောက်အကူဖြစ်စေပါတယ်။ အဝလွန်နေတာတဲ့အခါမျိုးမှာလည်း ကာမဆက်ဆံဖို့အတွက် အခက်အခဲတွေ့နိုင်ပြီး ဒါကတဆင့် လိင်စိတ်နည်းပါးသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းဖို့က အရေးကြီးပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ လိုအပ်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပါ။

လိင်တံထောင်မတ်နိုင်ခြင်းမရှိတဲ့ ပြသနာနဲ့ ကျားဟိုမုန်းနည်းပါးခြင်း

တချို့အမျိုးသားတွေမှာ လိင်တံထောင်မတ်နိုင်ဖို့ ခက်ခဲတာကတဆင့် လိင်စိတ်နည်းပါးသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးဖို့လိုပါတယ်။ နောက်ပြီး အမျိုးသားတွေမှာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ ကျားဟိုမုန်းတွေ နည်းပါးလာနိုင်ပြီး လိင်စိတ်နည်းပါးသွားနိုင်ပါတယ်။ ဒါကြောင့် လိင်စိတ်နည်းတာက ဟိုမုန်းကြောင့်ဆိုရင် လိုအပ်တဲ့ ညွှန်ကြားမှု ရဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။

အမျိုးသမီးများ သွေးဆုံးချိန် လိင်စိတ်နည်းပါးခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်ရောက်လာရင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အများကြီး တွေ့ကြုံရပါတယ်။ လိင်ဆက်ဆံလိုစိတ်မရှိခြင်း၊ ထိုးသွင်းဆက်ဆံစဉ် နာကျင်ခြင်း၊ အမျိုးသမီးအင်္ဂါခြောက်သွေ့ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ သွေးဆုံးအပြီး လိင်စိတ်ပြန်လည် ရရှိလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ ကုသမှုတွေရှိပါတယ်။

စိတ်ကျရောဂါရှိခြင်း

စိတ်ကျရောဂါရှိနေရင်တော့ လိင်စိတ်အပါအဝင် ဘဝရဲ့ တခြားသော ပြသနာများပါ ဖြစ်နိုင်ပါတယ်။ နေ့စဉ်အလုပ်တွေမှာ ပျော်ရွှင်မှု မရှိတော့သလို လိင်ဆက်ဆံဖို့လည်း စိတ်အားထက်သန်မှု မရှိနိုင်တော့ပါ။ နောက်ပြီး စိတ်ကျဆေးတွေသောက်တာက လိင်စိတ်ကို ပိုပြီးနည်းပါးစေပါတယ်။

ကာမဆက်ဆံရေးဆိုတာ လိင်စိတ်တစ်ခုတည်း အရေးပါတာမဟုတ်ပါဘူး။ နှစ်ယောက်သား ပွင့်လင်းမှု ရင်းနှီးမှုနဲ့အတူ ထပ်တူကျဖို့ လိုပါတယ်။ တစ်ယောက်ကို တစ်ယောက် နှိပ်နယ်ပေးတာ၊ ပွေ့ဖက်တာတွေက ချစ်ကျွမ်းဝင်မှုကို တိုးပွားစေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းတဲ့ ဆက်ဆံရေးမရှိတာက နှစ်ယောက်အကြား ကောင်းမွန်တဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် အဖော်နှစ်ယောက်အကြား အရေးအကြီးဆုံးက စကားများများပြောပြီး ညှိုနှိုင်းဖို့ပါလို့ ပြောချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *