မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ပြသတဲ့ လက္ခဏာတွေ ရှိပါတယ်။
အရင်ဆုံး ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ လက္ခဏာရပ်တွေက အမျိုးသမီးတိုင်း ကြုံရမှာလား ကြည့်ရအောင်။
အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ကွဲပြားနိုင်ပါတယ်။ ကိုယ်ဝန်နှစ်ကြိမ်ဆောင်ဖူးတဲ့ အမျိုးသမီးတစ်ဦးတည်းမှတောင် တစ်ကြိမ်နဲ့ တစ်ကြိမ် ပြောင်းလဲနိုင်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ မတူညီနိုင်ပါ။ တစ်ချို့လက္ခဏာတွေက ရာသီလာနေစဉ်တောင် ကြုံတွေ့ရတာမျိုးတွေ ဖြစ်တဲ့အတွက် သတိထားမထားမိလိုက်တာမျိုးတောင် ဖြစ်နိုင်ပါတယ်။
အဖြုဆင်းခြင်းနှင့် နာကျင်ကိုက်ခဲခြင်း
သုတ်ပိုးနဲ့ မမျိုးဥတွေ့ပြီး မျိုးအောင်သွားတဲ့ဥက သားအိမ်နံရံကို အလိုလိုကပ်တွယ်ပါတယ်။ ဒီဖြစ်စဉ်က ကိုယ်ဝန်ရှိခြင်းရဲ့ အစောဆုံး လက္ခဏာရပ်ပါ။ အဖြူဆင်းမယ်၊ နာကျင်ကိုက်ခဲမယ်။ ဒါတွေက မျိုးအောင်ပြီး ၆ ရက်ကနေ ၁၂ ရက်အတွင်း ဖြစ်နိုင်ပါတယ်။
ဒီလက္ခဏာက အမျိုးသမီးတွေ ပုံမှန်သွေးဆင်းတာ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲတာနဲ့ ရောနိုင်ပါတယ်။ သိသာစွာခွဲခြားနိုင်တဲ့အချက်ကတော့ သွေးဆင်းတဲ့အခါ နို့နှစ်ရောင် အချွဲတွေ ပါလား ကြည့်ပါ။ မျိုးအောင်သွားတဲ့အခါမှာ သာအိမ်အတွင်းနံရံတွေက ပိုပြီး ထူလာပါတယ်။ ဒီဖြစ်စဉ်ကြောင့် အဖြူဆင်းတာ ဖြစ်ပါတယ်။
ဒီလိုအဖြူဆင်းတာက ကိုယ်ဝန်ရှိနေစဉ် ဆက်လက်ဖြစ်ပွားနိုင်ပြီး ဆေးကုသဖို့ မလိုအပ်ပါ။ မည်သို့ပင်ဖြစ်စေ အဖြူဆင်းတဲ့အခါမှာ အနံအသက်မကောင်းတာ ယားယံတဲ့ ခံစားချက်တွေ ရှိတယ်ဆိုရင် ပိုးဝင်တဲ့လက္ခဏာဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
ရင်သားပြောင်းလဲမှု
ရင်သားပြောင်းလဲမှုက ကိုယ်ဝန်ရှိနေတဲ့ နောက်ထပ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေ မျိုးအောင်ပြီးတဲ့အခါမှာ ဟိုမုန်းပြောင်းလဲမှုတွေ ချက်ခြင်းဖြစ်ပေါ်လာပါတယ်။ ဒီဟိုမုန်းအပြောင်းအလဲတွေကြောင့် တစ်ပတ်နှစ်ပတ်အတွင်း ရင်သားတွေ တောင့်တင်းတာ နာကျင်တာ ခံစားရနိုင်ပါတယ်။ နို့သီးခေါင်းလဲ ပိုပြီး အရောင်ရင်လာပါတယ်။
ဒီလိုနာကျင်တာက ရက်သတ္တပတ်အနည်းငယ်လောက်ထိ ဖြစ်ပွားနိုင်ပြီး ဟိုမုန်းအဆင့်တွေ မျှတသွားတဲ့အခါ အလိုလို ပျောက်ကင်းသွားနိုင်ပါတယ်။
မောပန်းနွမ်းနယ်ခြင်း
ကိုယ်ဝန်ရှိခါစမှာ ပိုပြီး မောပန်းနွမ်းနယ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါက ပရိုဂျက်စတုန်းလို့ ခေါ်တဲ့ဟိုမုန်းပမာဏများတာနဲ့ သက်ဆိုင်ပြီး သွေးတွင်းအချိုဓါတ်လျှော့နည်းတာ သွေးဖိအားနည်းတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ ကိုယ်ဝန်ရှိလို့ ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင်တော့ ကောင်းကောင်းအနားယူဖို့ လိုပါတယ်။ သံဓါတ်နဲ့ အသားဓါတ် ကြွယ်ဝတဲ့အစားအသောက်တွေစားခြင်းဖြင့် အထောက်အကူပေးနိုင်ပါတယ်။
မူးမော်ခြင်း
မူးမော်တာက ကိုယ်ဝန်ရှိကြောင်း ပြသနိုင်တဲ့ အများစုဖြစ်လေ့ရှိတဲ့ လက္ခဏာပါ။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတိုင်းတော့ ကြုံချင်မှ ကြုံရနိုင်ပါတယ်။ ဘာကြောင့် ကိုယ်ဝန်ရှိတဲ့အခါ မူးမော်တတ်တာလဲ ဆိုတဲ့အချက်ကို အတိအကျ ပြောလို့မရပင်မယ့် ဒါက ဟိုမုန်းပြောင်းလဲမှုတွေကြောင့် လို့ခေါင်းစဉ်တပ်နိုင်ပါတယ်။ ဒီလိုမူးမော်တာက အချိန်မရွေးဖြစ်ပွားနိုင်ပြီး မနက်ခင်းမှာ ပိုပြီး ဖြစ်လေ့ရှိပါတယ်။
အနံအသက်တွေကို မခံနိုင်တော့တာ တချို့အနံတွေကြောင် အန်ချင်တာ မူးမော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မူးမော်တာ၊ အစားအသောက်တွေအပေါ်မှာ အာသီသဖြစ်တာ တွေက ကိုယ်ဝန်ဆောင်နေစဉ် တစ်လျှောက်လုံး ဖြစ်ပွားနိုင်ပြီး တချို့အမျိုးသမီးတွေအတွက်တော့ ကိုယ်ဝန် ၁၃ ပတ် ၁၄ ပတ်လောက် ထိဖြစ်ပွားနိုင်ပါတယ်။
မည်သို့ပင်ဖြစ်စေ ဒီအချိန်မှာ ကလေးရောမိခင်ပါ ကျန်းမာနေဖို့ လိုအပ်တဲ့အတွက် အဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေစားဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ရာသီထိန်ခြင်း
ကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိသာထင်ရှားစွာပြသတဲ့ လက္ခဏာရပ်တစ်ခုက ရာသီမလာတော့တာပါ။ ဒါကြောင့် ရာသီလည်းမလာဘူး သားဆက်ခြားနည်းလမ်းမသုံးဘဲ ဆက်ဆံခဲ့တယ်ဆိုရင် ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ မည်သို့ပင်ဖြစ်စေ ရာသီလာတာနောက်ကျတာ မလာသေးတာက ကိုယ်ဝန်ရှိတယ်လို့ တထစ်ချတော့ ပြောလို့ မရသေးပါဘူး။ တစ်ချို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိပြီးမှ သွေးဆင်းတာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ သွေးဆင်းတဲ့ပုံစံနဲ့ ဘယ်လိုအချိန်တွေမှာ အရေးပေါ် ဘယ်လိုအချိန်တွေက ပုံမှန်ဖြစ်တယ်ဆိုတာ သိဖု့ိ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ကိုယ်ဝန်ရှိလို့ ရာသီမလာနိုင်တဲ့ အပြင် တခြားအကြောင်းအရာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ကိုယ်အလေးချိန်မပြောင်းအလဲ မြန်တာ၊ ကိုယ်လက်လှုပ်ရှားမှုများတာနဲ့ တခြားဟိုမုန်းပြသနာတွေကြောင့်လည်း ရာသီမလာတာမျိုး ဖြစ်နိုင်ပါတယ်။ တချို့အမျိုးသမီးတွေက ဟိုမုန်းပါတဲ့သားဆက်ခြားနည်းလမ်းတစ်ခုခုသုံးတဲ့အခါ ရာသီမလာတော့တာ ထိန်တာ နောက်ကျတာ စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကာအကွယ်မဲ့ဆက်ဆံခဲ့တယ် ရာသီလည်း ထိန်နေတယ်ဆိုရင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်သင့်ပါတယ်။
တခြားလက္ခဏာများ
ကိုယ်ဝန်ရှိလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟိုမုန်းတွေ ပြောင်းလဲမှု ဖြစ်ပေါ်ပါတယ်။ ဒီလိုဟိုမုန်းပြောင်းလဲမှုတွေကြောင့် ဆီးခဏခဏသွားတာ၊ ဝမ်းချုပ်တာ၊ စိတ်အပြောင်းအလဲများတာ၊ ခေါင်းကိုက်တာနဲ့ မူးမော်တာတွေက ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတိုင်း ဒီအခြေအနေအားလုံး ဖြစ်မယ်လို့ မဆိုလိုဘဲ တစ်ခုနှစ်ခု ဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေက သင့်အတွက် အခက်အခဲဖြစ်နေခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Leave a Reply