ဒါမျိုးဖြစ်တာ သင်တစ်ယောက်တည်းတော့လဲ မဟုတ်ပါဘူး။ ကာမဆက်ဆံတယ်ဆိုတာ ဘဝရဲ့ ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ပြီး တွေးတောပြင်ဆင်မှုများနှင့် အစီစဉ်တကျဖြစ်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူညီကြသလို သင့်အတွက်အကောင်းဆုံးဖြစ်မယ့်အရာကို သင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။ အခုဖော်ပြပေးသွားမယ့် မေးခွန်းတွေကတော့ သင့်နဲ့ သင့်လက်တွဲဖော် လိင်ဆက်ဆံဖို့အတွက် အဆင်သင့်ဖြစ်မဖြစ် သိစေနိုင်မယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ တချို့မေးခွန်းတွေဖြေကြည့်ရင်း အံအားသင့်ကောင်းသင့်နေမှာပါ။
ဘယ်အသက်အရွယ်မှာ လိင်ဆက်ဆံဖို့ သင့်လဲ။
လိင်ဆက်ဆံဖို့အတွက် မှန်ကန်တဲ့အသက်အရွယ်အပိုင်းအခြားဆိုပြီး မရှိပါဘူး။ လူတွေက လိင်ပိုင်းဆိုင်ရာအပြုအမူတွေကို သူတို့ဘဝရဲ့ မတူညီတဲ့ အချိန်အမျိုးမျိုးမှာ ပြုလုပ်ကြပါတယ်။ တချို့က အသက်ကြီးတဲ့အချိန်ထိ (၃၀ ကျော်) စောင့်တတ်ကြပြီး တချို့ကတော့ ငယ်ရွယ်တဲ့အချိန် (၂၀ ကျော်) မှာ ပြုလုပ်ကြပါတယ်။ တစ်ခုမှတ်ထားဖို့လိုတာကတော့ ကာမဆိုင်ရာ ပြုမူဆက်ဆံမှုတွေက တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားတယ်ဆိုတာပါပဲ။
သင့်အနေနဲ့ ပထမဆုံးလိင်ဆက်ဆံဖို့ စဉ်းစားနေတယ်ဆိုရင် ပထမဦးဆုံး မိမိကိုယ်ကိုယ် အောက်ပါမေးခွန်းများမေးကြည့်ပါ။
ငါဒီလိုလုပ်ဖို့ အချိန်ကျပြီလား။
ဒီလိုလုပ်တာငါ့အတွက် သက်သောင့်သက်သာ ဖြစ်ပါ့မလား။
လိင်နဲ့ပတ်သက်လို့ ငါဘာတွေ သိထားပြီးပြီလဲ။ လိင်ပိုင်းဆိုင်ရာ ကြားဖူးနားဝတွေနဲ့ ဗဟုသုတအကြား ကွားခြားမှုတွေ သိထားလား။ (လိင်ဆက်ဆံခြင်းနှင့်ပတ်သက်တဲ့ အယူအဆမှားများ လေ့လာလိုလျှင် ဒီမှာဖတ်ပါ)
မလိုလားအပ်တဲ့ကိုယ်ဝန်တွေ လိင်ကတဆင့်ကူးနိုင်တဲ့ရောဂါတွေ မရှိအောင် ဘယ်လိုကာကွယ်မလဲ။
ငါနဲ့ ငါ့လက်တွဲဖော် ဘေးကင်းပြီး သက်သောင့်သက်သာ ဖြစ်ပါ့မလား။
လိင်ဆက်ဆံဖို့ ပူပန်ကြောင့်ကြစိတ်တွေ များနေလား။
ငါ့အတွက် သတ်မှတ်ချက်၊ ကန့်သတ်ချက်တွေက ဘာတွေလဲ။ ဘယ်လို ဆက်ဆံမှုက ငါ့ကို အဆင်မပြေစေတာလဲ။
လိင်ဆက်ဆံတာနဲ့ ပတ်သက်လို့ ငါ့ရဲ့ မျှော်မှန်းချက်ကလာလဲ။ ပူပန်မှုက ဘာလဲ။
သင့်လက်တွဲဖော်ကို မေးသင့်တဲ့မေးခွန်းများ
ဒါက သင့်တို့ နှစ်ဦးစလုံးအတွက် ပထမဦးဆုံးအတွေ့အကြုံဖြစ်နေရင်တော့ မေးကို မေးရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီလိုမေးမြန်းပြောဆိုတာက မျက်နှာပူစရာဖြစ်ပေမယ့် သင့်တို့နှစ်ယောက်စလုံး အဆင်သင့်ဖြစ်မဖြစ် ရှင်းရှင်းလင်းလင်း သိထားဖို့က ပိုပြီး အရေးကြီးလို့ပဲ ဖြစ်ပါတယ်။
လိင်ဆက်ဆံတာနဲ့ပတ်သက်လို့ ဘယ်လိုခံစားချက်ရှိလဲ။ ဒီအတွေ့အကြုံကနေ ဘာတွေ မျှော်လင့်ထားလဲ။
လိင်ဆက်ဆံတာနဲ့ ပတ်သက်လို့ ငါတို့ နှစ်ယောက်လုံးမှာ ဆိုးဝါးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးလား။
ဆက်ဆံဖို့ ကြောက်ရွံ့တာမျိုး ပူပန်တာမျိုးတွေ ခံစားရလား။
နှစ်ယောက်စလုံး ဘေးကင်းပြီး သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရမလား။
ကလေးမလိုချင်သေးရင် ကိုယ်ဝန်မရအောင် ဘယ်လိုကာကွယ်မလဲ။ လိင်ကတဆင့်ကူးနိုင်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ။ သားဆက်ခြားနည်းတစ်ခုခုသုံးမှာလား။ သုံးမယ်ဆိုရင် ဘာနည်းလမ်းသုံးမှာလဲ။
ဒီလိုဆက်ဆံပြီးရင် ငါတို့ပတ်သက်မှုကို ပြောင်းလဲသွားမှာလား။ ဘယ်လိုပြောင်းမှာလဲ။
ဒီလိုဆက်ဆံနေတဲ့အချိန်မှာ တစ်ယောက်ယောက်က ဆက်မလုပ်ဖို့ ဆုံးဖြတ်ရင် လက်ခံနိုင်မလား။
ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ဆံမှာလဲ။ (ယောနိလမ်းကြောင်း၊ စအိုလမ်းကြောင်း၊ ပါးစပ်ကတဆင့်)
ဒီတစ်ခါဘဲ ဆက်ဆံမှာလား။ နောက်ထပ်နောက်ထပ်တွေ ရှီဦးမလား။
အကယ်၍ သင့်အနေနဲ့ လိင်ဆက်ဆံဖို့ ဆုံးဖြတ်လိုက်ပြီးဆိုတာ သေချာရင်တော့ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
- သဘောတူညီမှု ရယူပါ။
သဘောတူမှုရယူတယ်ဆိုတဲ့နေရာမှာ နှစ်ဦးသဘောတူဖြစ်ဖို့ လိုအပ်ပြီး အတင်းအကြပ်သဘောတူခိုင်းတာ ဒါမှမဟုတ် ချယ်လှယ်ချုပ်ကိုင်တာမျိုး မရှိရပါဘူး။ နှစ်ဦးစလုံးအတွက် ဖြစ်ချင်တာ မဖြစ်ချင်တာတွေကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပြီး တစ်ဦးကန့်သတ်ချက်ကို တစ်ဦးလေးစားလိုက်နာဖို့ လိုပါတယ်။ - ရိုးသားပါ။
ရည်းစားဘဝမှာ ရိုးသားမှုက အရေးကြီးသလို လိင်ဆက်ဆံတဲ့နေရာမှာလဲ ရိုးသားမှု ရှိဖို့လိုပါတယ်။
လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ရှိမရှိစစ်ဆေးမှု ခံယူထားပါ။
သင့်လက်တွဲဖော်မှာ အရင်က လိင်ဆက်ဆံဖူးတဲ့ အတွေ့အကြုံရှိခဲ့ရင် စစ်ဆေးမှု ခံယူထားဖို့ လိုပါတယ်။ - အကာအကွယ်သုံးပါ။
မိန်းမကိုယ်လမ်းကြောင်းကနေတဆင့် ထိုးသွင်းဆက်ဆံမှုလုပ်မယ်ဆိုရင် ကိုယ်ဝန်နဲ့ လိင်ကတဆင့်ကူးစက်တာတွေ မရှိစေဖို့ ကွန်ဒုံသုံးပါ။ ပိုပြီးဘေးကင်းစေတဲ့ နည်းလမ်းတွေကို မိမိလက်တွဲဖော်နဲ့ စဉ်းစားတိုင်ပင်ပါ။ - ရင်ဘက်ချင်းနီးစပ်ပါစေ။
တစ်ယောက်အကြိုက်တစ်ယောက်သိထားဖို့လိုပါတယ်။ တစ်ယောက်မကြိုက်တာမလုပ်ဖို့လဲ လိုပါတယ်။ ဒါကြောင့် တစ်ယောက်ရဲ့ ကန့်သတ်ချက်တွေ တားမြစ်ချက်တွေကို တစ်ယောက်နားလည်မှု ရှိဖို့လိုသလို မည်သည့်အခြေအနေမျိုးမဆို တစ်ဦးဦးကနေ ရပ်ခိုင်တာမျိုး ငြင်းဆန်တားမြစ်တာမျိုး လုပ်နိုင်ပါတယ်။ - ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို စဉ်းစားထားပါ။
လိင်ဆက်ဆံတာက အကျိုးဆက်တွေ ရှိပါတယ်။ ဒါကြောင့် မထင်မှတ်ထားတဲ့ ကိုယ်ဝန်နဲ့ ကူးစက်နိုင်တဲ့ ရောဂါတွေ ရလာခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြိုတင်တွေးတောထားသင့်ပါတယ်။
လိင်ဆက်ဆံတယ်ဆိုတာ အလွန်ကို ကိုယ်ရေးကိုယ်တာဆန်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲနိုင်ပါတယ်။ အရေးကြီးတာက သင်နဲ့ သင့်လက်တွဲဖော်နှစ်ဦးလုံး အဆင်သင့်ဖြစ်တဲ့အချိန်ထိ စောင့်ဖို့ လိုအပ်တယ်ဆိုတာပါပဲ။
Ref : http://teenhealthsource.com/sex/checklist/
https://www.plannedparenthood.org/learn/teens/sex/all-about-sex/am-i-ready-sex
Leave a Reply