ပိုမိုကျန်းမာဘေးကင်းအောင် ကြံဆောင်တယ်ဆိုတဲ့နေရာမှာ မလိုချင်သေးတဲ့ကိုယ်ဝန်နဲ့ တခြားလိင်ကတဆင့်ကူးနိုင်တဲ့ ရောဂါတွေ မကူးစက်အောင်လုပ်ဆောင်တာဖြစ်ပါတယ်။ သင့်အနေနဲ့ ပိုမိုကျန်းမာဘေးကင်းတဲ့ ဆက်ဆံမှုဖြစ်ဖို့ စဉ်းစားနေတယ်ဆိုတာကို သင့်အဖော်ကို ပြောပြတဲ့အခါ သင့်အဖော်က ထင်မှတ်မထားတဲ့ ပုံစံနဲ့ တုံ့ပြန်လာနိုင်ပါတယ်။
သင့်အဖော်က သင်နဲ့အတူ မသိသေးတဲ့အချက်တွေကို ရှာဖွေဖို့ စိတ်လှုပ်ရှားနေတာမျိုး တွေ့ရမှာပါ။ ပထမဆုံးအတွေ့အကြုံမှာတော့ ရှိုးတိုးရှန်းတမ်းဖြစ်တာ နေရခက်တာတွေ ကြုံရနိုင်ပေမယ့် သင်တို့နှစ်ယောက်အကြား ပိုမိုနွေးထွေးနီးကပ်တဲ့ ပုံစံအသစ်တွေ ဖြစ်လာနိုင်ပါတယ်။ သင့်အဖော်က မည်သို့ပင် တုံ့ပြန်သည်ဖြစ်ပါစေ သင်တို့နှစ်ယောက်လုံခြုံဘေးကင်းအောင် အရင်ဆွေးနွေးတာက မှန်ကန်တယ်ဆိုတာပါပဲ။ သင့်တို့နှစ်ယောက်ရဲ့ မလိုခင်တဲ့ပုံစံ၊ လိုချင်တဲ့ပုံစံ ဒါတွေအားလုံးကို ပါကြိုတင်ပြောဆိုထားနိုင်လို့ တကယ်တမ်းဆက်ဆံတဲ့အခါ အနှောက်အယှက်တွေ ကင်းဝေးနိုင်ပါတယ်။
လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေနဲ့ မလိုချင်သေးတဲ့ကိုယ်ဝန်ကို တားပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နောက်ပြီး ကာမဆက်ဆံခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိတဲ့ နမ်းရှုံ့ခြင်း၊ လိင်အင်္ဂါတွေကို ကိုင်တွယ်ပွတ်သပ်ခြင်း၊ ထိုးသွင်းဆက်ဆံခြင်း စတဲ့အပြုအမူတွေက တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ ကာမဆိုင်ရာအပြုအမူကိုလိုက်ပြီး လိုအပ်တဲ့ ကာကွယ်မှု ပြင်ဆင်မှုတွေ လုပ်ထားဖို့ အရေးကြီးပါတယ်။ ထိုးသွင်းဆက်ဆံမှုလုပ်တဲ့အခါ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော်တစ်ယောက်မကရှိတဲ့သူတွေဆိုရင်တော့ ပုံမှန် ဆေးစစ်မှု ခံယူပါ။ ဒီလိုပုံမှန် စစ်ဆေးတာက ရောဂါပိုပြီး ပျံ့မသွားအောင်နဲ့ ရောဂါရှိနေခဲ့ရင်တောင် ကြိုသိခဲ့လို ပျောက်ကင်းအောင် အလွယ်တကူ ကုသနိုင်ပါတယ်။
သင်တို့နှစ်ယောက်အတွက် ပိုမိုကျန်းမာပြီး ဘေးကင်းတဲ့ ကာမဆက်ဆံရေးအကြောင်းကို သင့်အဖော်နဲ့ ဆွေးနွေးနိုင်ဖို့အတွက် အကြုံပေးချက်လေးတွေ ရှိပါတယ်။
(၁) ဘေးကင်းဖို့အဓိက
ဒီလိုစဉ်းစားဖို့ အခွင့်အရေးရှိပါတယ်။ ကိုယ့်ချစ်သူမှာ ရောဂါမရှိဘူးဆိုတာ မယုံကြည်တာလား။ တကယ်မချစ်တာလားဆိုပြီး ထင်နေတယ်ဆိုတာ မှားပါတယ်။ ဘာလို့လည်းဆိုတော့ လူတိုင်းမှာ ဒီလိုရောဂါတွေ ရှိနေနိုင်လို့ပါပဲ။ ဒါကြောင့် သင့်တို့နှစ်ယောက်ဘေးကင်းဖို့ ဆွေးနွေးဖို့တောင် အခွင့်မသာခဲ့ရင် ဒီဆက်ဆံရေးက စဉ်းစားစရာပါပဲ။
(၂) အကြောင်းပြချက်ကောင်းကောင်းပေးပါ။
ဒီလိုပြောဆိုတာက နှစ်ယောက်လုံးအတွက် ဘယ်လိုကောင်းကျိုးတွေရမယ်။ လိင်ဆက်ဆံရာမှာ ဘေးကင်းဖို့က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို နားလည်အောင်ရှင်းပြပါ။
(၃) လေ့ကျင့်မှုရှိမှာ ပြည့်စုံနိုင်မှာပါ။
သင့်အဖော်ကို မပြောပြခင်မှာ သင့်သူငယ်ချင်း ဒါမှမဟုတ် ရင်းနီးတဲ့သူတစ်ယောက်နဲ့ အရင်လေ့ကျင့်ပြောဆိုကြည့်ပါ။ တကယ်ပြောတဲ့အချိန်မှာ လေ့ကျင့်မှု ရှိထားတော့ ပိုပြီး ချောမွေ့ပေါက်မြောက်အောင် ပြောနိုင်တယ်ဆိုတာ သင်တွေ့ပါလိမ့်မယ်။
(၄) အရိုးသားဆုံးပြောပါ။
ကာမဆက်ဆံတဲ့ပုံစံတွေမှာ ကိုယ်လိုချင်တာ မလိုချင်တာကို အရိုးသားဆုံးပြောပါ။ အသုံးပြုတဲ့အကာအကွယ် ဒါမှမဟုတ် သားဆက်ခြားနည်းလမ်းတွေသုံးတာက သင့်အတွက် အဆင်ပြေမပြေဆိုတာ ပြောထားသင့်ပါတယ်။
(၅) သင့်အဖော်ပြောတဲ့အရာကို နားထောင်ပါ။
သင့်အဖော်ရဲ့ စကားသံကို နားထောင်ပါ။ သူပြောတဲ့ အရာတွေကို လေးလေးစားစားနဲ့ ဆွေးနွေတိုင်ပင်ပါ။
(၆) ပွင့်လင်းပါ။
အကယ်၍ သင်တို့မှာ လုံ့လောက်တဲ့ အသိမရှိသေးရင် နှစ်ယောက်အတူ ရှာဖွေပါ။ ဆရာဝန်ဆီအတူသွားပြီး တိုင်ပင်ပါ။ ကျန်းမာရေးစာမျက်နှာတွေမှာ အတူလေ့လာပါ။ ဒီလိုလုပ်တာက သင်တို့နှစ်ယောက်ကို ပိုမိုနီးကပ်စေလာနိုင်သလို သင်တို့ဆက်ဆံရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။
(၇) ရှိုးတိုးရှန်းတမ်းဖြစ်တယ်ဆိုတာ အဆိုးကြီးတော့ မဟုတ်သေးပါဘူး။
တခါတလေမှာ ရှက်ရွံ့နေတာတွေ ခံစားနေရရင် သင်တို့နှစ်ယောက်က လိင်ဆက်ဆံဖို့ အဆင်သင့်အဖြစ်သေးဘူးဆိုတာ ပြသတာဖြစ်လို့ ဒါက အဆိုးကြီးပဲ ရှိတာမဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ သင်တို့နှစ်ယောက် သိဖို့လိုနေသေးတဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို လေ့လာပါ။
အရေးကြီးတဲ့တစ်ချက်ကတော့ ပိုမိုကျန်းမာပြီး ဘေးကင်းတဲ့ ကာမဆက်ဆံရေးလို့ ဆိုရာမှာ သင်တို့နှစ်ယောက်လုံးအတွက် မလိုသေးတဲ့ မလိုလားတဲ့ အရာတွေကို ရှိမလာ ဖြစ်မလာအောင် ကြိုတင်ညှိနှိုင်းလေ့လာပြီး လုပ်ဆောင်တာပါပဲ။ သင့်ရဲ့ ကျန်းမာရေးကို မထိခိုက်အောင် ဘယ်လိုလုပ်ဆောင်မလဲ။ နောက်ပြီး လိင်ဆက်ဆံရာက ကူးနိုင်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ။ လိင်ဆက်ဆံလို့ ဖြစ်လာနိုင်တဲ့ မလိုလားတဲ့ မလိုချင်တဲ့ အကျိုးဆက်တွေ ကို ကာကွယ်တားဆီးပေးဖို့အတွက် ပထမဦးဆုံး စဉ်းစားသင့်တာက ဘေးကင်းကျန်းမာတဲ့ လိင်ဆက်ဆံရေးပဲ ဖြစ်ပါတယ်။
Leave a Reply