
အပြင်ပန်းကြည့်ရင်တော့ ဒီကိစ္စက ရိုးရှင်းတဲ့ကိစ္စတစ်ခုဖြစ်နေနိုင်ပေမယ့် ချစ်ရည်လူးတာ တနည်းအားဖြင့် ဒချိတာနဲ့ ဆက်စပ်လို့ နက်နဲပြီး လူတိုင်းမသိကြသေးတဲ့ အချက်တွေလဲ ရှိပါတယ်။ အဲ့အချက်တွေထဲကမှ လက်တွေ့ဘဝနဲ့နီးစပ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်(၅) ချက်ကို သိလိုရာမေးက ပြောပြပေးချင်ပါတယ်။
(၁) ပန်းဖူးလေးရဲ့ အရွယ်အစား
အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အတွင်းမှာရှိတဲ့ ပန်းဖူးလေးရဲ့ အရွယ်အစားကို အပြင်ပန်းအနေနဲ့မြင်ရတဲ့ အရွယ်အစားက သာမန်လို့ပဲ လူအများက ထင်တတ်ကြပေမယ့် တကယ်တော့ ပန်းဖူးလေးရဲ့ နယ်ပယ်က ဒီထက်ပိုပြီး ကျယ်ပြန့်ပါတယ်။ သာမန်အချိန်မှာတော့ မသိသာပေမယ့် လိင်ဆက်ဆံချိန် စိတ်ကြွလာတဲ့အခါမျိုးမှာ မိန်းမကိုယ်နံရံတွေ သွေးတွေနဲ့ ပြည့်တင်းလာတာနဲ့ တပြိုင်နက် ပန်းဖူးလေးရဲ့ အရွယ်အစားက ကြီးမားပြီး ဖောင်းကြွလာတတ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြည့်ဝသွားတဲ့အခါမှာတော့ သာမန်အရွယ်အစားကို ပြန်ရောက်ရှိသွားပါတယ်။
(၂) ကြီးမားတဲ့ လိင်တံနဲ့ မိန်းမကိုယ်အကျဉ်းအကျယ်
လိင်နဲ့ပတ်သက်လို့ လူတွေကြားဖူးကြတဲ့ နောက်ထပ်ယုံတမ်းတစ်ခုကတော့ မိန်းမတစ်ယောက်က ကြီးမားတဲ့လိင်တံရှိတဲ့ အမျိုးသားနဲ့ လိင်ဆက်ဆံတာကြာရင် မိန်းမကိုယ်ကို ကျယ်သွားစေတယ်… ဒါမှမဟုတ် မိန်းမကိုယ်ကို ထိခိုက်စေတယ် ဆိုတာပါပဲ။ အမှန်တရားကတော့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကို ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းရည်ရှိတဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် လိင်တံကြီးတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆက်ဆံရုံနဲ့ ထာဝရ မိန်းမကိုယ်ကို ကျယ်မသွားစေပါဘူး။
(၃) လိင်ကိစ္စ နဲ့ လုပ်ငန်းခွင်တွင်း စွမ်းဆောင်ရည်
အမေရိကန်နိုင်ငံ Oregon State University ကနေ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ လက်တွဲဖော်နဲ့ ကောင်းမွန်ပြီး ဆန္ဒပြည့်ဝမှုရှိတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်သူတွေဟာ လက်တွဲဖော်ရှိပေမယ့် လိင်ဆက်ဆံမှု ပုံမှန်မပြုလုပ်ဖြစ်တဲ့သူတွေ၊ ဂျိန်းဖော်ဂျိန်းဖက်မရှိတဲ့ တစ်ကိုယ်တည်း FA တွေထက် လုပ်ငန်းခွင်တွင်း စွမ်းဆောင်ရည်နှုန်း ပိုမြင့်မားကြပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်သူတွေ ဖြစ်ကြပါတယ်တဲ့။ ကဲ ဒီတော့ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်တွေ မြင့်စေဖို့ ချစ်ချစ်နဲ့ တူနှစ်ကိုယ်သာ များများ ဒချိကြပါဗျို့။
(၄) အမျိုးသမီးတွေရဲ့ လိင်ဆန္ဒပြည့်ဝမှု
နောက်ထပ် ဒချိတာနဲ့ ပတ်သက်လို့ လူတိုင်းမသိကြသေးတဲ့ အမှန်တရားတစ်ခုကတော့ ကမ္ဘာနဲ့တဝန်းပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ လိင်မှုကိစ္စအတွေ့အကြုံရှိတဲ့ အမျိုးသမီး ၆ ယောက်မှာ ၁ယောက်က လိင်ဆန္ဒအထွတ်အထိပ်ကို တခါမှ မရောက်ဖူးပါဘူး ဆိုတာပါပဲ။ ဒါ့အပြင် အမျိုးသမီးအများစုကလဲ တခါတလေမှာ ပုံမှန်သမားရိုးကျ လိင်ဆက်ဆံမှုပုံစံတစ်ခုတည်းနဲ့ သူတို့ကို လိင်ဆန္ဒအထွတ်အထိပ် မရောက်တဲ့အတွက် လိင်အရုပ်တွေ၊ ပါးစပ်နဲ့ လိင်ဆက်ဆံတာ လိုမျိုး တခြားနည်းလမ်းတွေကို အသုံးပြုခဲ့ရတယ်လို့ ဖွင့်ဟခဲ့ကြပါတယ်..
(၅) STI အန္တရာယ်
ကျွန်တော်တို့အနေနဲ့ လူတစ်ယောက်မှာ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်တက်တာမျိုးလို လက္ခဏာတွေတွေ့ရရင် ဒီလူဖျားနေတယ်ဆိုတာကို တပ်အပ်ပြောနိုင်ပေမယ့် Sexual Transmitted Infections လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါရနေသူတွေကိုတော့ အပြင်ပန်းကြည့်ရုံနဲ့ လုံးဝမသိနိုင်ပါဘူး။ ဒီရောဂါတွေအားလုံးမှာ ရောဂါလက္ခဏာတွေရှိပေမယ့် STI ကူးစက်ခံထားရသူတစ်ယောက်ဟာ ကူးစက်ခံရပြီး နှစ်နဲ့ချီကြာတဲ့အထိ ရောဂါလက္ခဏာပြလေ့မရှိတာတွေ များပါတယ်။ သင်ကိုယ်တိုင်တောင် ရောဂါကူးစက်ခံရမှန်းမသိတာတွေ ဖြစ်နိုင်တဲ့အတွက် လိင်ဆက်ဆံတိုင်း ကွန်ဒုံးလိုမျိုး အကာအကွယ် မဖြစ်မနေ သုံးသင့်ပါတယ်။
Leave a Reply