တစ်ကြောင်းပေါ်ရင် မရှိဘူး၊ နှစ်ကြောင်းဆိုရင်တော့ ကိုယ်ဝန်ရှိနေပြီ၊ ဒီလောက်တော့ သိထားကြတယ်။ နောက်ပြီး အမေးများတဲ့မေးခွန်းတစ်ခုအနေနဲ့ဆိုရင် လွန်ခဲ့တဲ့တစ်ပတ်က အတူနေထားတယ်၊ အခု ဆီးစစ်ကြည့်လို့ရပြီလား ဆိုတာမျိုးတွေလည်း ကြုံတွေ့နေရတယ်။ ဒါကြောင့်မို့ ဆီးစစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဝေမျှချင်ပါတယ်။
၁။ ဆီးစစ်လိုက်တာနဲ့ ကိုယ်ဝန်ရှိမရှိ ဘယ်လိုသိသွားနိုင်တာလဲ
ဒါကိုသိနိုင်ဖို့အတွက် အရင်ဆုံးအနေနဲ့ မိန်းကလေးတစ်ယောက် ကိုယ်ဝန်ရတဲ့ဖြစ်စဉ်ကို သိထားဖို့လိုပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ အပျိုဖော်ဝင်တဲ့အရွယ်ကနေ သွေးဆုံးချိန်အထိ တစ်လကိုတစ်ခါ မမျိုးဥကြွေပါတယ်။ အဲဒီမမျိုးဥလေးနဲ့ အမျိုးသားဆီကနေ လိင်ဆက်ဆံလိုက်လို့ ဝင်လာတဲ့ သုက်ပိုးနဲ့ သားဥပြွန်ထဲမှာ ပေါင်းသွားရင် သန္ဓေအောင်သွားပါတယ်။ အဲဒီအောင်သွားတဲ့ သန္ဓေသားလေးက သားဥပြွန်ထဲကတစ်ဆင့် သားအိမ်ဆီကို ဆင်းလာပြီး သားအိမ်နံရံမှာ တွယ်ကပ်လိုက်ရင်တော့ ဒါကို သန္ဓေတည်တယ်လို့ ခေါ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ဆီးစစ်တာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတော့ အဲဒီလိုသန္ဓေသားလေးက သားအိမ်နံရံမှာ တွယ်ကပ်လိုက်တဲ့အခါ Human Chorionic Gonadotropin (hCG) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ အဲဒီဟော်မုန်း ဆီးထဲပါလာ မပါလာကို ဆီးစစ်တံနဲ့ စမ်းသပ်တာပါ။ ပါလာတယ်ဆို နှစ်ကြောင်းပေါ်လိမ့်မယ်။ ဒါဆို ကိုယ်ဝန်ရှိနေပြီလို့ သိနိုင်ပါတယ်။ များသောအားဖြင့်တော့ အဲဒီဟော်မုန်းက သန္ဓေအောင်ပြီး (၆)ရက်လောက်နေတဲ့အခါ စထွက်လာပါတယ်။
၂။ တစ်ကြောင်း ဆိုတာဘာလဲ၊ နှစ်ကြောင်း ဆိုတာဘာလဲ
ဆီးစစ်တံတိုင်းမှာ Controlled band လို့ခေါ်တဲ့ နှိုင်းယှဉ်ဖို့ ထည့်ပေးထားတဲ့ အတန်းလေးတစ်တန်း ပါပါတယ်။ အဲဒီအတန်းကတော့ ဘယ်ဆီးထဲမှာ နှစ်ကြည့်လိုက်သည်ဖြစ်စေ ပေါ်လာပါလိမ့်မယ်။ နောက်ထပ်အတန်းတစ်တန်း ဖြစ်တဲ့ Test band ကသာ ဟော်မုန်းပါလား မပါလားကို အကဲဖြတ်မှာဖြစ်ပြီး ပါတယ်ဆို ထင်းလာမယ်၊ မပါဘူးဆို ထင်းလာမယ် မဟုတ်ပါဘူး။
ဟော်မုန်းပါလာလို့ ထင်းလာခဲ့ရင်တော့ Test band လည်း ပေါ်မယ်၊ နဂိုပေါ်ကိုပေါ်မှာဖြစ်တဲ့ Controlled band ကလည်း ပေါ်မယ်၊ ဒါဆို နှစ်ကြောင်းပေါ်လာပြီး ကိုယ်ဝန်ရှိနေပြီလို့ သတ်မှတ်နိုင်တယ်။
ဟော်မုန်းမပါလာဘူးဆိုရင်တော့ Test band က မပေါ်ဘူး၊ Controlled band မှာပဲ ပေါ်မယ်၊ ဒါကြောင့် တစ်ကြောင်းတည်းပေါ်တယ်ဆို ကိုယ်ဝန်မရှိဘူးလို့ ပြောကြတာဖြစ်ပါတယ်။
၃။ လိင်ဆက်ဆံပြီး ဘယ်လောက်အကြာဆို ဆီးစစ်လို့ရပြီလဲ
အတိအကျဖြေဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးရဲ့ မျိုးဥကြွေတဲ့ရက်နဲ့လည်း ဆိုင်လို့ပါ။ နောက်ပြီး သုက်ပိုးကလည်း ခန္ဓာကိုယ်ထဲဝင်ပြီးသွားရင် ရက်အနည်းငယ်အထိ အသက်ရှင်သေးတာမို့ အတူနေပြီး မျိုးအောင်မှုရှိမရှိ၊ ဘယ်နေ့မျိုးအောင်သလဲ ဆိုတာတွေကို တိတိကျကျ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ ယေဘုယျအားဖြင့်တော့ ရာသီပေါ်ရမယ့်ရက်မှာ မပေါ်ဘဲ ထိန်သွားပြီး တစ်ပတ်လောက်ကြာတဲ့အခါမှာ စစ်ကြည့်လို့ရပြီလို့ပဲ ပြောနိုင်ပါတယ်။
၄။ စစ်ပုံစစ်နည်းများ
ဆီးစစ်တဲ့ပုံစံကတော့ ဆီးစစ်တံအမျိုးအစားပေါ် မူတည်ပြီး ကွာခြားပါတယ်။ တချို့ဆီးစစ်တံတွေက ဆီးကို ခွက်သန့်သန့်နဲ့ခံပြီးမှ အဲဒီခွက်ထဲကို နှစ်ရတယ်။ တချို့ကတော့ ဆီးသွားနေတုန်းမှာ ဆီးအောက်မှာ အတံလေးကို စက္ကန့်အနည်းငယ် ထားပြီး စစ်ရတာလည်းရှိတယ်။ E-zee check လို ပစ္စည်းမျိုးကတော့ ဆီးကို ခွက်သန့်သန့်ထဲပေါက်ထည့်၊ ပြီးမှ ပြွန်လေးတစ်ခုနဲ့ ဆီး၂ စက် ၃ စက်လောက်ကို ယူပြီး ဆီးစစ်တံရဲ့ ဆီးစစ်တဲ့နေရာဆီ ထည့်လိုက်ရတာ ဖြစ်ပါတယ်။ သေချာတာကတော့ ဘယ်ဆီးစစ်တံအမျိုးအစားကို သုံးသည်ဖြစ်စေ၊ ကိုယ့်အတွက် ကယိကထများမယ် မဟုတ်သလို၊ ဒီလိုစစ်ဖို့ ဆီးအများကြီး သွားစရာလည်း မလိုပါဘူး။ အချိန်အားဖြင့်လည်း ဆီးစစ်တံအမျိုးအစားပေါ် မူတည်ပြီး ၃ မိနစ်ကနေ ၁၀ မိနစ်အတွင်း အဖြေကိုမြင်ရပါလိမ့်မယ်။
၅။ ဆီးစစ်တံတစ်ခု ဘယ်လောက်ထိ တိကျမှုရှိသလဲ
ဒါကတော့ ဆီးစစ်တံကို အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ထိန်းသိမ်းမှု၊ ဆီးစစ်တံရဲ့ အရည်အသွေးနဲ့ သက်ဆိုင်သလို၊ ကိုယ်က ဘယ်အချိန်မှာ ဆီးစစ်သလဲနဲ့ မျိုးဥဘယ်ရက်မှာကြွေပြီး ဘယ်ရက်မှာ သန္ဓေအောင်ခဲ့သလဲနဲ့လည်း ဆိုင်ပါတယ်။
၆။ မှားယွင်းပြီး တစ်ကြောင်းတည်းပေါ်နေတတ်တဲ့ အခြေအနေမျိုးတွေက ဘာတွေလဲ
၁) ဆီးစစ်တံက သက်တမ်းလွန်နေတဲ့အခါ
၂) ဆီးစစ်ပုံစစ်နည်း မှားယွင်းနေတ့အခါ (ဒါကြောင့်မို့ ဆီးစစ်တံရဲ့ အညွှန်းမှာ ရေးထားတဲ့အတိုင်း အတိအကျ လိုက်နာဖို့လိုပါတယ်)
၃) ဆီးစစ်တာ သိပ်စောနေတဲ့အခါ (အတူနေပြီး ရက်ပိုင်းလောက်မှာ ဆီးစစ်ရင် Negative လို့ပဲ အဖြေပြမှာပါ)
၄) အရည်တွေအများကြီး သောက်ထားလို့ ဆီးထဲမှာ အရည်ပမာဏများနေတဲ့အခါ
၅) ဆီးဆေးတွေ သောက်ထားတဲ့အခါ
ဒီလိုအခြေအနေတွေမှာဆို ကိုယ်ဝန်ရှိနေပါရက်နဲ့ တစ်ကြောင်းတည်းပဲပြနေတတ်ပါတယ်။ အတွေ့ရများဆုံးကတော့ စိတ်ပူလွန်ပြီး ဆီးစစ်တတ်ကြတာပဲ။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အတူနေတယ်၊ အခု ဆီးစစ်မယ်ဆို ပေါ်နိုင်ချေနည်းပါတယ်။ ဒါက ကိုယ်ဝန်မရှိတာလည်း မဟုတ်ပါဘူး။ အတိအကျ ပြောမရသေးတာပါ။ ဒါကို ကိုယ်ဝန်မရှိဘူးလို့ သတ်မှတ်လိုက်ပြီး နောက်မှ ကိုယ်ဝန်ပေါ်လာခဲ့ရင် ချစ်သူတွေ၊ စုံတွဲတွေကြား အထင်လွဲစရာတွေ ဖြစ်လာနိုင်ပါတယ်။
၇။ တခြားသော အတည်ယူလို့မရတဲ့ အဖြေတွေ ရှိသေးလား
ဆီးစစ်တံတိုင်းဟာ ဆီးထဲနှစ်လိုက်ရင် Controlled band မှာ ပေါ်ကိုပေါ်ရပါမယ်။ အဲဒီနေရာမှာ မပေါ်ဘဲ Test band မှာပဲ ပေါ်နေတယ်ဆိုရင် ဒါဟာ ဆီးစစ်တံအရည်အသွေး မကောင်းလို့ဖြစ်တာပါ။ ဒါကို တစ်ကြောင်းတည်း ပေါ်တယ်ဆိုပြီး ကိုယ်ဝန်မရှိဘူးလို့ သတ်မှတ်လို့မရပါဘူး။ တစ်ကြောင်းတည်း ပေါ်တယ်ဆိုတာက Controlled band မှာပေါ်ပြီး Test band မှာ မပေါ်တာမျိုးကိုမှ ခေါ်တာပါ။ ဈေးကွက်ထဲမှာ ဝယ်လု့ိရတဲ့ တချို့သောဆီးစစ်တံတွေမှာ Controlled band Test band ရယ်လို့မရေးထားတာမို့ မှားယွင်းနိုင်ပြီး E-zee check လိုဆီးစစ်တံတွေမှာတော့ C နဲ့ T ဆိုပြီး ဖော်ပြပေးထားတဲ့အတွက် အဖြေဟာ မှန်တယ် မမှန်ဘူး သေချာအကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလို Test band တစ်ခုတည်း ပေါ်နေတာအပြင် ဆီးထဲနှစ်လိုက်တဲ့အခါမှာ နှစ်ကြောင်းလုံး ဘာမှပေါ်မလာဘူးဆိုရင်လည်း ဒါကို အတည်ယူလို့မရပါဘူး။
တကယ်လို့များ Test band မှာ ခပ်ဖျော့ဖျော့လေး ပေါ်နေတာမျိုးဆိုရင်တော့ ဒါဟာ ကိုယ်ဝန်ရှိစအနေအထားမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ နောက်ထပ်တစ်ပတ်လောက်နေတဲ့အခါ ထပ်စစ်လိုက်ရင် တကယ်သာ ကိုယ်ဝန်ရနေတာဆိုရင်တော့ Test band မှာ ထင်ထင်ရှားရှားပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
Leave a Reply