လူသားတိုင်အတွက် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ မေတ္တတရားကို လိုအပ်ပတ်သက်နေကြပြီး တစ်ယောက်အပေါ်တစ်ယောက် ချစ်လာအောင် ပိုမိုနီးစပ်လာအောင် ကြိုးစားတတ်ကြပါတယ်။ တချို့သူတွေအတွက်တော့ ဒီကိစ္စက ရိုးရှင်းတဲ့အရာတစ်ခုမဟုတ်ဘဲ ခက်ခဲမှုတွေ ကြောက်ရွံ့မှုတွေ ကြုံတွေ့နိုင်ပါတယ်။ ယခုဆောင်းပါးမှာတော့ ဒီလိုချစ်ကျွမ်းဝင်အောင်လုပ်တဲ့နေရာမှာ အခက်အခဲတွေ စိုးရိမ်ထိတ်လန့်မှုတွေ ကြုံတွေ့ရရင် ဘယ်လိုကျော်လွှားရမလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချစ်ကျွမ်းဝင်ဖို့ ကြောက်ရွံ့နေတယ်ဆိုတဲ့ အခြေအနေက ဘယ်လိုမျိုးလဲ။
ကိုယ်ချစ်တဲ့သူဆီကနေ ကိုယ်မလိုချင်တဲ့ ဆန့်ကျင်ဘက် အဖြေ ဒါမှမဟုတ် တုန့်ပြန်ချက် ပြန်ရတဲ့ အခြေအနေတွေ များလာတဲ့အခါမှာ မသိစိတ်ကနေ ကြောက်ရွံ့မှု စတင်ပါတယ်။ ဒီလိုကြောက်ရွံ့မှုက ကိုယ်တန်ဖိုးထားတဲ့သူ ဒါမှမဟုတ် ကိုယ့်ရင်းနှီးဆုံးသူနဲ့ ကိုယ်အကြားမှာ ဖြစ်လေ့ရှိပါတယ်။
ဒီကြောက်ရွံ့မှုက အင်မတန် ရှုပ်ထွေးတဲ့ ခံစားချက်တွေဖြစ်ပြီး လက်ရှိ ချစ်ခင်ရင်းနှီးမှု အတိုင်းအတာကို ဆုတ်ယုတ်စေနိုင်ပါတယ်။ ဒီကြောက်ရွံ့မှုက သမီးရည်းစားဆက်ဆံရေးတွေမှာ အဖြစ်များပေမယ့် မိဘနဲ့ သားသမီးအကြား၊ ရင်းနှီးတဲ့သူငယ်ချင်းတွေအကြားနဲ့ ညီအစ်ကိုမောင်နှမတွေ အကြားလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုချစ်ကျွမ်းဝင်ဖို့ ကြောက်ရွံ့တယ်ဆိုတာ သာမန်ကြောက်နေသလို ခံစားချက်မဟုတ်ဘဲ ပြင်းထန်တဲ့ ခံစားချက်တွေ နားမလည်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်နိုင်ပြီး ဒါကို တစ်စုံတစ်ရာ ထိန်းချုပ်စီမံဖို့ ခက်ခဲနေနိုင်ပါတယ်။ ဒီစိတ်က မသိစိတ်မှာ ကိန်းအောင်းနေလေ့ရှိတာဖြစ်တဲ့အတွက် ဖိအားတွေ မကျေနပ်မှုတွေ စုလာတတ်ပြီး ကြာလာတာနဲ့ အမျှ ဆက်ဆံရေးကို ထိခိုက်နိုင်ပြီး အချိန်မတန်ခင် ဆက်ဆံရေးပျက်ဆီးသွားနိုင်ပါတယ်။
ဘယ်လိုအရာတွေက ချစ်ကျွမ်းဝင်ဖို့ ကြောက်ရွံ့ခြင်းကို ကြီးထွားစေသလဲ။
လူအမျိုးမျိုးရှိတဲ့အတွက် အကြောင်းအမျိုးမျိုး ရှိနိုင်ပေမယ့် အဓိကအားဖြင့် ငယ်ဘဝ ဖြတ်သန်းမှုကနေ စတင် အမြစ်တွယ်တယ်လု့ိ ပြောနိုင်ပါတယ်။ ဒါကြောင့် မိမိငယ်ဘဝ ထိန်းသိန်းစောင့်ရှောက်သူအပေါ်မှာ အများကြီး မူတည်ပါတယ်။ ကလေးငယ်ဘဝမှာ မိမိတို့ရဲ့ လိုအင်ဆန္ဓတွေကို (ဗိုက်ဆာတာ၊ အိပ်ချင်တာ၊ ရေဆာတာ) စသည်တို့ကို ပြုစုစောင့်ရှောက်သူကို ငိုပြီး ဆက်သွယ်အချက်ပြတာမျိုး လုပ်ဆောင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ဘယ်လိုဆို စိတ်ဆိုးတာ ဘယ်လိုဆို စိတ်အလိုမကျတာ ဘယ်လိုဆိုရင်ဖြင့် ကျေနပ်တာ စသည်ဖြင့် သင်ယူလာတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ လိုအင်ဆန္ဒတွေ မပြည့်တာ စိတ်အလိုမကျတာတွေ များလာတဲ့အခါမှာ တောင်းဆိုမှုတွေက ဖြစ်မလာဘူးလို့ ထင်မှတ်သွားနိုင်ပါတယ်။ ဒီခံစားချက်တွေက အသက်ကြီးလာတဲ့အချိန် မသိစိတ်မှာ ဆက်လက်ကိန်းအောင်နေတတ်ပါတယ်။ မိမိအပေါ်မှာ လုံလောက်တဲ့ ပြုစုစောင့်ရှောက်မှုမရဘူးလို့ ထင်တဲ့အချိန်၊ မိမိကို ထင်သလောက် အချစ်မခံရဘူးလို့ ထင်တဲ့အချိန် စတဲ့ အနှုတ်သဘောဆောင်တဲ့ ခံစားချက်တွေက မသိစိတ်ထဲမှာ အလိုလို ကိန်းအောင်းနေတတ်ပြီး နာကျင်ခံစားရတာမျိုးတွေ ဖြစ်နေနိုင်ပါတယ်။ ဒီခံစားချက်တွေ မသိစိတ်ထဲမှာ ကိန်းအောင်နေရာကတဆင့် အချစ်မေတ္တာနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးတွေမှာ ပြန်လည်ပြုမူတုန့်ပြန်ပြီး ကျွန်တော်တို့ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အကျင့်တွေ ဖြစ်လာပါတယ်။
ဒါဆိုရင် ဒီအခြေအနေကို ဘယ်လိုကျော်လွှားရမလည်း ဆက်ကြည့်ရအောင်။
မည်သို့ပင်ဖြစ်စေ ချစ်ကျွမ်းဝင်ဖို့ ကြောက်ရွံ့နေတာက မသိစိတ်မှာ အဓိက ဖြစ်တည်တယ်ဆိုပေမယ့် ဒီအရာက ကျွန်တော်တို့ အပြုအမူတွေကို ဘယ်လိုပတ်သက်မှုရှိလည်းဆိုတာ ရှာဖွေနိုင်ပါသေးတယ်။ သင့်အနေနဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ ပတ်သက်လာရင် သူတို့ဆီမှာ ထားတဲ့ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ လျော့ချပစ်တာ ဒါမှမဟုတ် သူ့ကို ပိုပြီး မချစ်မိအောင်နေတာ စတာတွေက ချစ်ကျွမ်းဝင်ဖို့ ကြောက်ရွံ့ခြင်းရဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ချစ်ဖို့ကောင်းအောင်နေထိုင်လေ့ မရှိတဲ့အတွက် လာပြီးချစ်မယ့်သူမရှိနိုင်တဲ့အခါ စိတ်ရှုပ်စရာ ပူပန်စရာမလိုဘူးလို့ ယူဆတာကလည်း ဒီခေါင်းစဉ်အောက်မှာ ပါဝင်ပါတယ်။ ဒီလိုမှားယွင်းတဲ့ အမူအကျင့်တွေက ချစ်ခင်ရင်းနှီးတဲ့သူဆီကနေ မျှော်လင့်ချက်မထားရတဲ့အတွက် ပူပန်စရာမလိုတာ မှန်ပေမယ့် ဆုံးရှုံးမှု ကြီးမားပါတယ်။ ချစ်ကျွမ်းဝင်ဖို့ ကြောက်ရွံ့နေစိတ်က ကျွန်တော်တို့ရဲ့ အနှုတ်သဘောဆောင်တဲ့ပုံစံတွေကို မူလအတိုင်းဆက်လက် တည်တံံ့နေစေနိုင်တဲ့အပြင် ချစ်ခြင်းမေတ္တာက ပေးစွမ်းတဲ့နိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့ ဝေးကွာမြဲ ဝေးကွာစေနိုင်ပါတယ်။
မည်သို့ပင်ဖြစ်စေ ချစ်ကျွမ်းဝင်ရမှာ ကြောက်ရွံ့ခြင်းဆိုတာကြီးကို တိုက်ထုတ်ပစ်နိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ချစ်နေရလို့ ပင်ပန်းတာ၊ အချစ်ခံရမှာ စိုးရိမ်တာ စတဲ့ စိတ်တွေကို တွန်းလှန်နိုင်ပါတယ်။ ချစ်ကျွမ်းဝင်ရမှာ ကြောက်ရွံ့တဲ့စိတ်က ကျွန်တော်တို့ကို မောင်နှင်းနေတဲ့ အပြုအမူဆိုးတွေကို သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ်။ ကာလရှည်ကြာစွာ အမြစ်တွယ်နေတဲ့ စိတ်တွေကို မောင်းနှင်ဖို့က အချိန်အတိုင်းအတာ တစ်ခု လိုကောင်းလိုနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရိုးသားမှုကို ထိန်းသိမ်းပြီး ချစ်ကျွမ်းဝင်ဖို့ စိုးရွံ့နေတဲ့ စိတ်တွေကို တဖြည့်းဖြည်း ထုတ်ပစ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တခြားသူကနေ အချစ်ခံရဖို့နဲ့ ကိုယ်က ချစ်ဖို့ အတိုင်းအတာတွေ တဖြည်းဖြည်း ကျယ်ပြန့်လာပါလိမ့်မယ်။
Leave a Reply