ကုသဖို့ ပိုပြီးခက်ခဲလာတဲ့ ဆီးပူညောင်းကျရောဂါ (သို့မဟုတ်) ဂနိုရောဂါအကြောင်း သိကောင်းစရာများ

Posted by

WHO ရဲ့ စစ်တမ်းများက တစ်နှစ်လျှင် ဒီရောဂါဖြစ်ပွားသူ ၇၈ သန်းခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီရောဂါက ယေဘူယျအားဖြင့် ခံတွင်း၊ ယောနိ၊ စအို လမ်းကြောင်းတွေက တဆင့်ကူးစက်နိုင်ပါတယ်။ လက်ရှိရှာဖွေတွေ့ရှိချက်များအရ ဒီရောဂါက ဆေးကို ခုခံနိုင်စွမ်းရှိလာပြီး တစ်ချို့ဆိုးရွားတဲ့အခြေအနေတွေမှာ လက်ငင်းကုသလို့ မနိုင်သေးတဲ့ အခြေအနေထိ ဖြစ်နိုင်တာကို တွေ့ရပါတယ်။ ရောဂါကုသနိုင်တဲ့ ပဋိဇီဝဆေးတွေအားလုံးကို ပြန်လည်ခုခံနိုင်စွမ်းရှိလာတဲ့အတွက် ကုသလို့မရသေးတဲ့အခြေအနေကို ရောက်နေကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အချက်အလက်သစ်များအရ သိရပါတယ်။
ကုသရန် လက်ရှိသုံးနေကျဆေးတွေ ခုခံနိုင်လာတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ဆေးပညာအရာရှိ Dr Teodora Wi က “ဆီးပူညောင်းကျရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးက အရမ်းကို အဆင့်မြင့်လာတယ်။ ကျွန်တော်တို့ သုံးနေကျ ကုသဆေးတွေကို ခံနိုင်ရည်ရှိလာပြီ” ဟုဆိုပါတယ်။

ယခင်ကုသဖို့အတွက် အသုံးပြုတဲ့ဆေးတွေကို ခုခံနိုင်စွမ်းရှိလာတဲ့အတွက် ဂနိုရီးယားဖြစ်စေတဲ့ ရောဂါပိုးက အထူးအဆင့်မြင့်တဲ့ပိုးဖြစ်နေတာဖြစ်ပါတယ်။ ဒီခုခံနိုင်စွမ်းက တဖြည်းဖြည်းတက်လာနိုင်ပြီး ရောဂါပိုးက ချက်ခြင်းကုသလို့မရနိုင်တော့ဘဲ အချိန်ကြာမြင့်စွာ ဖြစ်ပွားနေမယ်ဆိုရင်တော့ အကျိုးဆက်အနေနဲ့ သားမြုံခြင်းဖြစ်လာနိုင်ပါတယ်။

မိမိကူးစက်ခံရခဲ့ရင် ဘယ်လိုသိနိုင်မလဲ။

များသောအားဖြင့် ကူးစက်ပြီး ၁၄ ရက်ဆိုတာနဲ့ သိနိုင်တယ်ဆိုပေမယ့် ထင်ရှားတဲ့ကက္ခဏာမျိုး မရှိပါဘူး။ ဒါကြောင့် ရောဂါကူးစက်ခံရတာကို ချက်ခြင်းမသိဘဲ ဆက်လက်ဖြစ်ပွားနေနိုင်တာဖြစ်ပါတယ်။ အမျိုးသားများတွင် ရောဂါဖြစ်နေတာကို စပြီး သိလာနိုင်တဲ့အချက်ကတော့ ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ပူလောင်ခြင်းတွေ ဖြစ်ပြီး အမျိုးသမီးများကတော့ မှိုရောဂါနဲ့ ဘတ်တီးရီးယားကူးစက်ခံရသလိုမျိုး ယောနိလမ်းကြောင်းမှ အဖြုဆင်းတာနဲ့ ဆီးသွားစဉ် နာကျင်တာတို့ပဲ ဖြစ်ကြပါတယ်။ ဒီကူးစက်ရောဂါပိုးကို ချက်ခြင်းကုသမှု ခံယူသင့်ပြီး ထိုသို့မဟုတ်ပါက ရေရှည်တွင် သားမြုံခြင်း ၊ သားပျက်သားလျောဖြစ်ခြင်း၊ ကာလရှည်ကြာစွာ ကိုယ်လက်ကိုက်ခဲခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းရောင်းရမ်းနာကျင်ခြင်းများကို ဖြစ်ပွားစေနိုင်ပါတယ်။

သုတေသနတွေ့ရှိချက်အသစ်က ဘာပြောထားလဲ။

၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ထွက်ရှိလာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကမ္ဘာနှင့်အဝှမ်း ၇၈ ရာခိုင်နှုန်းက ဆီးပူညောင်းကျရောဂါဖြစ်ပွားနေတာကို တွေ့ရှိခဲ့ပြီး ၂၀၀၉ ကနေ ၂၀၁၄ ထိ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာကောက်ယူခဲ့တဲ့စစ်တမ်းများအရ ၉၇ ရာခိုင်နှုန်းက ဆေးကိုခုခံနိုင်စွမ်းရှိတဲ့ပိုး ကူးစက်ခံနေရတာကို တွေ့ရှိခဲ့ပါတယ်။ ၆၆ ရာခိုင်နှုန်းသော နိုင်ငံတွေက ရောဂါကူးစက်မှုကို အရေးပေါ်ကုသဖို့လိုအပ်တယ်လို့ ဆိုထားကြပါတယ်။
ဆေးကို ခုခံနိုင်စွမ်းရှိတဲ့ပိုးကူးစက်ခံရခဲ့ရင် လုံးဝကုသလို့ မရနိုင်တာမဟုတ်ပေမယ့် ကုသဖို့ ပိုပြီးခက်ခဲတာဖြစ်ပါတယ်။ “ယခုအခြေအနေက ဆီးပူညောင်းကျရောဂါပိုး အားလုံးကို ကုသနိုင်ပါသေးတယ်။ ဆေးတစ်မျိုးတည်းနဲ့ မဟုတ်တောင် ပေါင်းစပ်ပြီး ကုသတဲ့နည်းလမ်းနဲ့ပါ။ လက်ရှိအခြေအနေအရ ဆေးကို ခုခံနိုင်စွမ်းက တဖြည်းဖြည်းတိုးတက်လာနေတာ ဖြစ်တဲ့အတွက် ဒီအခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ပါတယ်” ဟု လန်ဒန် အင်ပရီရီယဲကောလိပ်က Dr. Xavier Didelot (senior lecturer in the department of infectious disease and epidemiology) ကဆိုပါတယ်။

ကာကွယ်မှုက ကုသမှုထက်ပိုပြီး ထိရောက်ပါတယ်။

ကွန်ဒုံးကို မှန်ကန်စွာအသုံးပြုခြင်း လိင်ဆက်ဆံတဲ့အခါ တာဝန်သိပြီး ဘေးကင်းတဲ့အပြုအမူတွေလုပ်ဆောင်ခြင်း စတဲ့အချက်တွေက ဆီးပူညောင်းကျရောဂါကို ကာကွယ်နိုင်ပေးနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ လက်ရှိသားဆက်ခြားနည်းလမ်းတွေထဲမှာတော့ ဒီရောဂါအပါအဝင် တခြားလိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေက ကာကွယ်ပေးနိုင်တဲ့နည်းလမ်းက ကွန်ဒုံးအသုံးပြုခြင်းဖြစ်လို့ သင့်အဖော်ရဲ့ ကျန်းမာရေးအခြေအနေကို မသိပါက ကွန်ဒုံးသုံးဖို့ အလွန်အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ သင့်အဖော်ရဲ့ ကျန်းမာရေးအခြေအနေကို သိထားဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ဆက်ဆံတာ ဘေးကင်းပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဆီးပူညောင်းကျရောဂါအပါအဝင် တခြားလိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေက ကုသလို့ရတယ်ဆိုပေမယ့် ကူးစက်မခံရအောင် ပြုမူတာက အသက်ကို ဉာဏ်စောင့်ရာကျပါတယ်။ ဒါကြောင့် အကာအကွယ်သုံးဖို့ အရေးကြီးပါတယ်။

လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါများအကြောင်းလေ့လာလိုလျှင် ဒီမှာနှိပ်ပါ။

Ref: http://www.who.int/mediacentre/news/releases/2017/Antibiotic-resistant-gonorrhoea/en/

Leave a Reply

Your email address will not be published. Required fields are marked *