ကိုယ်ဝန်ရသွားနိုင်သည့် အပြုအမူနှင့် ပတ်သက်သည့် ယုံတမ်းအမှားများ

Posted by

အဘက်ဘက်က တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ စိတ်ချရပြီး ထိရောက်မှုရှိသည့် ခေတ်ပေါ်သားဆက်ခြားနည်းလမ်းတွေ ပေါ်ပေါက်နေပြီဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်ရစေနိုင်တဲ့ အလေ့အထများနှင့်ပတ်သက်၍ နားလည်မှုအလွဲတွေ ယုံတမ်းတွေကတော့ ရှိနေစဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေနားလည်မှုအလွဲဆုံးဖြစ်တဲ့ အချက် (၅) ချက်ကို ယခုဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။

ယုံတမ်း (၁) အကာအကွယ်မဲ့ ထိုးသွင်းဆက်ဆံသော်လည်း အမျိုးသမီးအင်္ဂါလမ်းကြောင်းထဲသို့ သုတ်မလွတ်လျှင် ဒါမှမဟုတ် သုတ်ရည်ပြင်ပစွန့်ထုတ်လျှင် ကိုယ်ဝန်မရနိုင်။

သုတ်ရည်ပြင်ပစွန့်ထုတ်နည်းက စိတ်မချရတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး တခြားသားဆက်ခြားနည်းတွေနဲ့ ယှဉ်ရင် အစွမ်းထက်မှုနည်းပါတယ်။ ဒီလိုဖြစ်စေတဲ့ အဓိက အချက် ၂ ချက်ကတော့ –

၁။ ထိုးသွင်းဆက်ဆံမှုပြုလုပ်ရာက သုတ်လွှတ်ခါနီး အပြင်ကို အတိအကျ စွန့်ထုတ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အသုံးပြုတဲ့သူက ဒါကို သတိထားထိန်းချုပ်ဖို့လိုပြီး အချိန်ကိုက်ဖြစ်ဖို့လည်း လိုပါသေးတယ်။ အကယ်၍ အချိန်မီ အပြင်စွန့်မထုတ်နိုင်ဘူးဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

၂။ အကယ်၍ အမျိုးသားက သုတ်လွတ်ခဲ့တာ မကြာသေးဘူးဆိုရင် သုတ်ပိုးတွေက ဆီးပြွန်ထဲမှာ ကျန်နေနိုင်ပါသေးတယ်။ လေ့လာချက်တစ်ခုအရ အမျိုးသား ၃ ဦးမှာ ၁ ဦးက ကနဦးထွက်တဲ့အရည်ကြည်မှာ သုတ်ပိုးတွေ ပါနေတတ်တယ်လို့ ဆိုထားပါတယ်။ ဒါက ကာမဆန္ဒပြီးမြောက်လို့ သုတ်မလွှတ်ခင်ထွက်တဲ့ အရည်ကြည်မှာ သုတ်ပိုးတွေ ပါနိုင်တယ်လို့ ပြောတာဖြစ်ပါတယ်။

ယုံတမ်း (၂) ရာသီလာနေစဉ်မှာ ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူး။

တကယ်တော့ အမျိုးသမီးတွေရာသီလာနေစဉ်မှာ ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါသေးတယ်။ အမျိုးသမီးတစ်ဦးရဲ့ ရာသီစက်ဝန်းက ပျမ်းမျှအားဖြင့် ၂၁ – ၃၅ ရက်ကြာနိုင်ပြီး သားဥကြွေတဲ့အချိန်က ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခု အပြောင်းအလဲ ရှိနိုင်ပါတယ်။ သားဥအိမ်ကနေ မမျိုးဥကြွေတဲ့အချိန်က ကိုယ်ဝန်ရနိုင်ချေ အမြင့်ဆုံးအချိန်ဖြစ်ပါတယ်။ ရာသီလာပြီးတာနဲ့ မျိုးဥကြွေတယ်ဆိုရင်တောင်မှ ကိုယ်ဝန်ရနိုင်ချေရှိပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သုတ်ပိုးက အမျိုးသမီးမွေးလမ်းကြောင်းထဲမှာ ၅ ရက်လောက် အသက်ရှင်နိုင်လို့ ဖြစ်ပါတယ်။

ယုံတမ်း (၃) အမျိုးသမီးရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်နေရင် ကိုယ်ဝန်မရနိုင်ဘူး။

ဒီအချက်က မှားပါတယ်။ အမျိုးသမီတွေ အရွယ်ရောက်လို့ ရာသီလာပြီဆိုတာနဲ့ ကိုယ်ဝန်စပြီးဆောင်နိုင်ပြီဖြစ်လို့ ပထမဆုံးအကြိမ် ဆက်ဆံတာနဲ့တင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ပထမဆုံး တစ်ကြိမ်လောက် ဆက်ဆံမိတာက အကြိမ် ၁၀၀ လောက်ဆက်ဆံတာနဲ့ တူညီတဲ့ ကိုယ်ဝန်ရနိုင်ချေ ရှိပါတယ်။

ယုံတမ်း (၄) လိင်ဆက်ဆံပြီးတာနဲ့ အမျိုးသမီးအင်္ဂါကို ဆေးကြောလိုက်ရင် ကိုယ်ဝန်မရနိုင်ဘူး။

မွေးလမ်းကြောင်း အတွင်းသုတ်လွှတ်လိုက်တာနဲ့ သုတ်ပိုးတွေက သားအိမ်ဆီကို အလျှင်အမြန်ကူးခတ်သွားတာဖြစ်လို့ အမျိုးသမီးအင်္ဂါ ရေဆေးလိုက်တာက ကိုယ်ဝန်ရနိုင်ချေကို လျှော့နည်းစေတယ်ဆိုတာ မှားတယ်လို့ ဆိုရမှာပါ။ လိင်ဆက်ဆံပြီးတာနဲ့ အမျိုးသမီးအင်္ဂါကို ရေဆေးပစ်လိုက်တာက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်နိုင်ပင်မယ့် ကိုယ်ဝန်ရနိုင်ချေကိုတော့ လျှော့ချမပေးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သင်ဆေးကြောလိုက်တာက ဆီးလမ်းကြောင်းဖြစ်နေပြီး သုတ်ပိုးတွေ ဝင်ရောက်သွားတဲ့ မွေးလမ်းကြောင်း မဟုတ်လို့ပါ။

ယုံတမ်း (၅) အမျိုးသားတွေ တကိုယ်ရည်အာသာဖြေပြီးမှာ လိင်ဆက်ဆံရင် သုတ်ပိုးတွေအားနည်းသွားတာကြောင့် ကိုယ်ဝန်မရနိုင်ဘူး။

တကယ်တော့ အမျိုးသားတွေ တကိုယ်ရည်အာသာဖြေပြီးမှာ လိင်ဆက်ဆံတာက ကိုယ်ဝန်ရနိုင်ချေပိုများပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းက သုတ်လွှတ်ထားတဲ့အတွက် သုတ်ပိုးတွေက ဆီးလမ်းကြောင်းထဲမှာ ကျန်နေနိုင်ပါတယ်။ ကာမစိတ်ကြွလာလို့ ထွက်တဲ့ အရည်ကြည်မှာ ကျန်နေတဲ့ သုတ်ပိုးတွေက ပါလာနိုင်ပါတယ်။ ဒါကြောင့် သုတ်ရည်ပြင်ပစွန့်ထုတ်နည်းသုံးလို့ အချိန်မီဆွဲထုတ်နိုင်ခဲ့ရင်တောင် သုတ်မလွတ်မီထွက်တဲ့ အရည်ကြည်မှာ သုတ်ပိုးတွေပါနိုင်တဲ့အတွက် ကိုယ်ဝန်ရနိုင်ချေရှိနေသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *